မွန်ပြည်နယ်၊ သထုံမြို့နယ် ကျေးရွာများကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းတိုက်ခိုက်ခဲ့ရာ ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း KNU တပ်မဟာ ၁ မှ တော်လှန်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။
နိုဝင်ဘာလ ၇ ရက်နေ့တွင် Y-12 လေယာဉ်ဖြင့် KNU တပ်မဟာ ၁ နယ်မြေဖြစ်သော သထုံမြို့နယ် နောင်ကတုတ်ကျေးရွာ ၊ရွှေကြည်ချောင်းနှစ်ခွနှင့် မရမ်းကုန်းကျေးရွာ၊ မိချောင်းအိုင်ကျေးရွာတို့ကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲဥ ဗုံး ၂၃ လုံးဖြင့် ကျဲချတိုက်ခိုက်ခဲ့ကြောင်းသိရှိရသည်။
“စစ်ခွေးတွေ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းတိုက်ခိုက်ခဲ့တာပါ။လောလောဆယ်ကတော့ ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရတယ်လို့ ကြားတယ်။ အမျိုးသား ၂ ဦး ထိခိုက်ဒဏ်ရာရတာပါ။ ထိခိုက်ဒဏ်ရာရတဲ့ အမျိုးသား ၂ ဦးက နောင်ကတုတ်ကျေးရွာပါ။ ” ဟု KNU တပ်မဟာ ၁ မှ တော်လှန်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။
စစ်တပ်က Y-12 လေယာဉ်ဖြင့် ဗုံးများ ကျဲချခဲ့ရာတွင် ရွှေကြည်တံတားထိပ်သို့ ဗုံး ၃ လုံး၊ ဝင်းဖုန်းတောင်အနီးသို့ ဗုံး ၂ လုံး နှင့်အခြားKNU တပ်မဟာ ၁ နယ်မြေများသို့ ဗုံးများ ဆက်တိုက်ကျဲချခဲ့ကြောင်း သိရှိရသည်။
အလားတူ မကွေးတိုင်း၊ စလင်းမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီး လက်နက်ငယ်များနှင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ပြည်သူ့ ညီနောင်-စလင်း သတင်းတာဝန်ခံ ကိုပြည်သူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။
နိုဝင်ဘာလ ၈ ရက်နေ့ ည ၁၀နာရီ ဝန်းကျင်ခန့်အချိန် စလင်းမြို့နယ် ကျွဲကျောင်းကျေးရွာတွင် အထိုင်ချတပ်စွဲထားသော အကြမ်းဖက်စစ်တပ်က တောင်ကန်ကျေးရွာဘက်သို့ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးနှင့် လက်နက်ငယ်များဖြင့် ရမ်းသမ်း ပစ်ခတ်ခဲ့ကြောင်းသိရှိရသည်။
“စစ်ခွေးတွေ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးနှင့် လက်နက်ငယ်များနှင့် ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။ လောလောဆယ်ကတော့ ထိခိုက်မှုကို မကြားမိသေးဘူး။အခုလက်ရှိ ဒီကောင်တွေ ပစ်ခတ်နေတုန်း လက်နက်ကြီးရော လက်နက်ငယ်တွေ ရမ်းသမ်းပစ်ခတ်နေတုန်းပါ။ ည ၁၀နာရီဝန်းကျင်ခန့်မှာ ရမ်းသမ်းပစ်ခတ်နေတာပါ။ လက်နက်ကြီး လက်နက်ငယ် ပစ်ခတ်သံတွေကတော့ လက်ရှိကတော့ ကြားနေရတယ် ” ဟု ပြည်သူ့ ညီနောင်-စလင်း သတင်းတာဝန်ခံ ကိုပြည်သူကပြောဆိုသည်။
အကြမ်းဖက်စစ်တပ်က ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံတစ်ဝန်း ၎င်းတို့ နယ်မြေစိုးမိုးမှုမရှိသော ဒေသများသို့ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်မှုများကို အရှိန်အဟုန်မြှင့်တင်လာနေကြောင်း တော်လှန်ရေး သတင်းရင်းမြစ်များထံမှ သိရှိရသည်။
ဓာတ်ပုံ- အကြမ်းဖက် စစ်တပ်၏ ပစ်ခတ်တိုက်ခိုက်မှုများကြောင့် မီးလောင်ပျက်စီးနေသော အညာမှ ကျေးရွာတချို့။ (ပုံအဟောင်း အသုံးပြုထားပါသည်။)




