30 C
Yangon

စစ်တပ်က သောင်းရင်းမြစ်တစ်လျှောက်ရှိ ကရင်နယ်ခြားစောင့်တပ်-BGF နှင့် KNU/KNLA Peace Council ဂိတ်များကို စစ်ဆေးဖျက်ဆီးဟု သတင်းထုတ်ပြန်သော်လည်း လက်တွေ့ ဂိတ်များ ဆက်လက် လည်ပတ်နေဆဲ

Must read

ရန်ကုန်၊ နိုဝင်ဘာ ၁၀

အကြမ်းဖက်စစ်တပ်က ထိုင်း-မြန်မာနယ်စပ် သောင်ရင်းမြစ်တစ်လျှောက်ရှိ စစ်တပ်လက်အောက်ခံ ကရင်နယ်ခြားစောင့်တပ်-BGF နှင့် KNU/KNLA PC ဂိတ်များကို စစ်ဆေးဖျက်ဆီးဟု သတင်းထုတ်ပြန်သော်လည်း လက်တွေ့တွင် နယ်စပ်ကုန်သွယ်ရေးဂိတ်များမှာ ဆက်လက်လည်ပတ်နေဆဲဖြစ်ကြောင်း ကရင်စစ်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

ကရင်ပြည်နယ် မြဝတီမြို့နယ် သောင်ရင်းမြစ်ကမ်းတစ်လျှောက်၌ တရားမဝင်ဂိတ်များဖွင့်လှစ်ပြီး အကြမ်းဖက်လက်နက်ကိုင်အဖွဲ့များက ငွေကြေးများကောက်ခံ၍ ပြည်ပမှ တရားမဝင်ပစ္စည်းများ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းများ ဆောင်ရွက်လျက်ရှိရာ စစ်တပ်က ယင်းဒေသများကို ပြန်လည်ထိန်းချုပ်ပြီးဖြစ်ရာ ဖွင့်လှစ်ထားသည့် ကုန်သွယ်ရေးဂိတ်များနှင့် ကုန်ပစ္စည်းများ သိုလှောင်ဖြန့်ဖြူးသည့် အဆောက်အအုံများကို ဖျက်ဆီးရှင်းလင်းခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း စစ်တပ်က သတင်းထုတ်ပြန်သည်။

စစ်တပ်က BGF နှင့် KNU/KNLA PC ဂိတ်များဖြစ်သည့် မြဝတီမြို့ အမှတ် ၅ ရပ်ကွက်ရှိ ၃၅ ဂိတ် ဒေသအခေါ် အောင်ပါဝါဂိတ်-၂ ကို သွားရောက်စစ်ဆေးပြီး အလျားပေ ၁၂၀၊ အနံပေ ၆၀၊ အမြင့် ၂၅ ပေရှိ သံဖရိန်၊ အုတ်တက်၊ သွပ်မိုးသွပ်ကာ ပစ္စည်းသိုလှောင်ရုံအား ဖယ်ရှားရှင်းလင်းခြင်းခဲ့ကြောင်း၊ ၁၉ ဂိတ်၊ ကျောက်ဖျာဂိတ်၊ ကပေါ်ထူးဂိတ်၊ ၁၄ ဂိတ်၊ ၈ ဂိတ်/ ၈ ဂိတ်ခွဲ၊ ၉ ဂိတ် ဒေသအခေါ် အောင်ပါဝါဂိတ်၊ ၁၈ ဂိတ် ဒေသအခေါ် နေစိုးမြဂိတ်၊ ၁၃ ဂိတ်၊ သုညဂိတ်နဲ့ ၁၀ ခွဲဂိတ် ဒေသ အခေါ် ၉၉၉ ဂိတ် တို့ကို ရှင်းလင်းဖျက်ဆီးခဲ့ကြောင်း စစ်တပ်က သတင်းထုတ်ပြန်သည်။

ယင်းအပြင် သောင်းရင်းမြစ်တစ်လျှောက်ရှိ ကင်းစခန်း ၂ ၊ ၁၂ ဂိတ် ကင်းစခန်း ၃ ၊ ၁၄ ဂိတ် ကင်းစခန်း ၁ နှင့် Grand Myawaddy ဂိတ် ကင်းစခန်း ၅ တို့ကို သွားရောက်စစ်ဆေး ရှင်းလင်းခဲ့ကြသည့်အပြင် ဂိတ်စခန်းအဖြစ်မှ ဖျက်သိမ်းထားသည့် သဖန်းပင်ဂိတ်၊ သဲပုံဂိတ်၊ ကျောက်တန်းဂိတ်နှင့် မာမီဂိတ်တို့ကိုလည်း စစ်ဆေးရှင်းလင်းမှုများ ဆောင်ရွက်ခဲ့သည်ဟု စစ်တပ်က သတင်းထုတ်ပြန်သည်။

“စစ်တပ်က သတင်းထုတ်ပြန်ထားတာတော့ ဂိတ်တွေ၊ ကုန်သွယ်ရေးဂိတ်တွေကို ရှင်းလင်းတယ်ပေါ့။ တကယ်က ဂိုဒေါင်အသေးလောက်ကို အဖျက်ပြပြီး သူတို့ ရှင်းပါတယ်လုပ်တာ။ နှစ်ဖက်ညှိပြီး အဖျက်ပြတာ။ တကယ်က အခုအချိန်အထိ ဂိတ်တွေကို BGF နဲ့ KNU/KNLA PC က ထိန်းထားတုန်းပါပဲ။ ဥပမာဆိုရင် BGF ဂိတ်တွေဖြစ်တဲ့ ၁၄ ဂိတ်၊ ၁၃ ဂိတ်၊ ၁၀ ခွဲဂိတ်တွေဆိုရင်လည်း လည်ပတ်နေဆဲပဲ။ PC ဂိတ်တွေဖြစ်တဲ့ ၁၉ ဂိတ်၊ ကျောက်ဖျာဂိတ်၊ ကပေါ်ထူးဂိတ်တွေ၊ နေစိုးမြဂိတ်တွေလည်း သူ့ဟာနဲ့သူ လည်ပတ်နေတုန်းပဲ။ ကျားဖြန့်ဂိတ်တွေလေ။ ညနေဆိုရင် သူတို့ ဆီသယ်၊ လူသယ် လုပ်နေကြတုန်းပါပဲ” ဟု ကရင်စစ်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

လက်ရှိတွင် စစ်တပ်နှင့် BGF ၊ KNU/KNLA PC၊ DKBA တို့အကြား ညှိနှိုင်းမှုများဖြင့် နှစ်ဖက် KK Park ကို ဟန်ပြဖြိုခွင်းပြခြင်း၊ သောင်းရင်းမြစ်တစ်လျှောက်ရှိ ကုန်သွယ်ရေးဂိတ်များကို ဟန်ပြ စစ်ဆေး ဖျက်ဆီးမှုများ လုပ်ဆောင်ပြခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ အခြားတစ်ဖက်တွင်လည်း စစ်တပ်က BGF နှင့် DKBA တို့ ဦးစီးနေသော ရွှေက္ကိုလ်မြို့သစ် အပါအဝင် ကျားဖြန့်နေရာသစ်များအတွက် လောင်စာဆီ ထောက်ပံ့ပေးခြင်း၊ Mytel အင်တာနက်လိုင်းများ ထောက်ပံ့ပေးခြင်းများကို လုပ်ဆောင်လျက်ရှိကြောင်း ကရင်စစ်ရေးသတင်းရင်းမြစ်၏ အဆိုအရ သိရှိရသည်။

“ကျားဖြန့် နှိမ်နင်းမယ်ဆိုရင် ရွှေက္ကိုလ်ကြီးကို လေယာဉ်နဲ့ ဗုံးကျဲချလိုက်လေ။ ရွှေက္ကိုလ်ထဲမှာ ကျားဖြန့်တွေချည်းပဲ ၁ သိန်းကျော်နဲ့ မီးစက်သံ တညံညံနဲ့ နေ့ရော ညပါ လည်ပတ်နေတာ။ KK Park ကို ကျားဖြန့် နှိမ်နင်းတယ်ဆိုတာလည်း ဟန်ပြပဲ။ ကုန်သွယ်ရေးဂိတ်တွေ စစ်ဆေး ဖမ်းဆီးတယ်ဆိုတာလည်း ဟန်ပြပဲ။ နှစ်ဖက်စလုံးက သူ့အကျိုး ကိုယ့်အကျိုးအတွက် ဟန်ပြတွေ လုပ်နေကြတာ” ဟု ကရင်စစ်ရေး သတင်းရင်းမြစ်က ဆက်လက်ရှင်းပြသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article