27 C
Yangon

တနင်္သာရီမြို့နယ်၊ မောတောင်မြို့တွင် စစ်တပ်နှင့် တော်လှန်ရေးတပ်များ တိုက်ပွဲ အပြင်းအထန်ဖြစ်နေပြီး မြို့လုံးကျွတ် ထောင်ချီသော ပြည်သူများ ထိုင်း-မြန်မာနယ်စပ်သို့ ထွက်ပြေးတိမ်းရှောင်ရ

Must read

ရန်ကုန်၊ နိုဝင်ဘာ ၁၂

တနင်္သာရီမြို့နယ်၊ မောတောင်မြို့တွင် စစ်တပ်နှင့် တော်လှန်ရေးတပ်များ တိုက်ပွဲ အပြင်းအထန်ဖြစ်နေပြီး မြို့လုံးကျွတ် ထောင်ချီသော ပြည်သူများ ထိုင်း-မြန်မာနယ်စပ်သို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၁၀ ရက်နေ့မှစတင်၍ မောတောင်မြို့ဘက်သို့ စစ်တပ်က လက်နက်ကြီးများဖြင့်ပစ်ခတ်ခြင်း၊ စစ်ကြောင်းထိုးခြင်းများ လုပ်ဆောင်လာကြောင်း၊ KNU ဦးဆောင်သော တော်လှန်ရေးတပ်များကလည်း စစ်တပ်ကို ပြန်လည် ခုခံတိုက်ခိုက်ရာမှ တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားခဲ့ကြောင်း၊ နိုဝင်ဘာလ ၁၁ ရက်နေ့နှင့် ယနေ့ နိုဝင်ဘာလ ၁၂ ရက်နေ့အထိ မောတောင်မြို့ပေါ်အထိ တိုက်ပွဲများဖြစ်ပွားနေကြောင်း၊မောတောင်မြို့မှ မြို့လုံးကျွတ်ပြည်သူများမှာ ထိုင်း-မြန်မာနယ်စပ်၊ ထိုင်းအာဏာပိုင်များ စောင့်ကြပ်ထားသော ဒန်စီခွန် ဂိတ်အနီးသို့ စစ်ဘေးရှောင်နေရကြောင်း သိရှိရသည်။

“တိုက်ပွဲတွေက နိုဝင်ဘာလ ၁၀ ရက်နေ့က စဖြစ်တာ။ နိုဝင်ဘာလ ၁၁ ရက်နေ့မှာ အပြင်းအထန်ဖြစ်တယ်။ အခု ဒီနေ့လည်း ဖြစ်နေတုန်းပဲ။ ဒီမနက် ၆ နာရီကစပြီး ခလရ ၂၂၄ ကနေပြီးတော့ လက်နက်ကြီးတွေ တောက်လျှောက် ထုနေတယ်။ ပြည်သူတွေ ပြေးနေရတုန်းပဲ။ စစ်တပ်က စစ်ဘေးရှောင် ပြည်သူတွေထဲက အမျိုးသားတွေကို ပေါ်တာဆွဲနေတယ်။ နယ်စပ်နားအထိ စစ်တပ်က ပေါ်တာလာဆွဲလို့ အခုတော့ ထိုင်းဘက်က ဂိတ်ကို နည်းနည်းဟပေးပြီး လိုအပ်တာ အကုန်ကူပေးနေတယ်။ မြို့လုံးကျွတ် ရှောင်နေရတာ။ အကုန်ပြေးရတာ” ဟု စစ်ဘေးရှောင် ပြည်သူတစ်ဦးက ပြောဆိုသည်။

ယနေ့ နံနက်ပိုင်းတွင်လည်း မောတောင်မြို့ပေါ်နှင့် အနီးပတ်ဝန်းကျင်တွင် လက်နက်ကြီးနှင့် လက် နက်ငယ်များဖြင့် အပြန်အလှန် ပစ်ခတ်မှုများဖြစ်ပွားနေကြောင်း၊ စစ်ဘေးရှောင် ပြည်သူများမှာ စားနပ်ရိက္ခာ၊ အနွေး ထည်နှင့်ဆေးဝါးများ လိုအပ်နေကြောင်း သိရှိရသည်။

KNU ၏ ထုတ်ပြန်ချက်အရမူ နိုဝင်ဘာလ ၁၀ ရက်နေ့ ကစပြီး မောတောင်နယ်စပ်ရှိ အာဏာသိမ်းအကြမ်းဖက်စစ်တပ်စခန်း၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံများယခုချိန်ထိ ထွက်ပြေးတိမ်းရှောင်နေရကြောင်း၊ အာဏာသိမ်းအကြမ်း ဖက်စစ်တပ်က ၎င်းတို့ အာဏာဆက်လက်တည်မြဲနိုင်ရေးအတွက် ၎င်းတို့ အုပ်ချုပ်ရာနယ်မြေများတွင် အတုအယောင်ရွေးကောက်ပွဲကို အတင်းအဓမ္မပြုလုပ်ရန် အထူးကြိုးပမ်းလျက်ရှိကြောင်း၊ ၎င်းတို့ လက်လွတ်ဆုံးရှုံးခဲ့ရသောနယ်မြေများဖြစ်သည့် ကေအဲန်ယူ-မြိတ်ထားဝယ်ခရိုင် အုပ်ချုပ်ရာ ဒေသများအတွင်းရှိ ပြည်သူလူထုများအား အကြောက်တရား ဖြစ်ပေါ်စေရန် ရည်ရွယ်ချက်ရှိရှိ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်း၊ လက်နက်ကြီးပစ်ခတ်ခြင်းများမကြာခဏ ပြုလုပ်နေကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article