31 C
Yangon

ဝက်လက်မြို့နယ်အတွင်း စစ်ကြောင်းထိုးနေသော စစ်တပ်က ကျေးရွာ ၁၂ ရွာကို မီးရှို့ဖျက်ဆီးမှု နေအိမ် ရာနှင့်ချီ မီးလောင်ပြာကျ၊ ရွာပေါင်း ၂၀ ကျော်မှ ပြည်သူ ၂ သောင်းကျော် ဘေးလွတ်ရာ တိမ်းရှောင်နေရ

Must read

ရန်ကုန်၊ နိုဝင်ဘာ ၁၃

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အတွင်း စစ်ကြောင်းထိုးနေသော အကြမ်းဖက် စစ်တပ်က ကျေးရွာ ၁၂ ရွာကို မီးရှို့ဖျက်ဆီးမှု နေအိမ် ရာနှင့်ချီ မီးလောင်ပြာကျပြီး ရွာပေါင်း ၂၀ ကျော်မှ ပြည်သူ ၂ သောင်းကျော် ဘေးလွတ်ရာ တိမ်းရှောင်နေရကြောင်း ဝက်လက်မြို့နယ် လူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီ ထုတ်ပြန်ချက်နှင့် ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

အောက်တိုဘာလ ၁၃ ရက်နေ့မှ စတင်ပြီး လက်ရှိချိန်ထိ ဝက်လက်မြို့နယ် အတွင်း အကြမ်းဖက် စစ်တပ်က စစ်ကြောင်း ၃ ကြောင်းထက်မနည်း ကျေးရွာများကို ဝင်ရောက်စီးနင်း မီးရှို့နေခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းများ၏ မီးရှို့ဖျက်ဆီးမှုကြောင့် လက်ရှိချိန်တွင် ဝက်လက်​မြို့နယ်အတွင်း ရွာတော်ကုန်းရွာ ၊ တမာကုန်းရွာ ၊ ထုံးဘိုရွာ ၊ မူးကြီးရွာ ၊ တံတားဦးရွာ ၊ လှတောရွာ ၊ ရွေကျင်ရွာ ၊ ခေါတောရွာ ၊ စိုင်နိုင်လေးရွာ ၊ လိန်ပင်ရွာ ၊ မြင်တော်ရွာ နှင့် ဦးတည်ကုန်းရွာမှ ရာနှင့်ချီသော နေအိမ်များ မီးလောင်ပြာကျခဲ့ကြောင်း သိရှိရသည်။

နိုဝင်ဘာလ ၆ ရက်နေ့က ဝက်လက်မြို့နယ်၊ မူးကြီးကျေးရွာကို အကြမ်းဖက် စစ်တပ်က မီးရှို့ ဖျက်ဆီးခြင်းကြောင့် နေအိမ် ၇၀ ကျော် မီးလောင်ပြာကျခဲ့ကြောင်း၊ အလားတူ နိုဝင်ဘာလ ၁၁ ရက်နေ့ကလည်း ဝက်လက်မြို့နယ်၊ လှတောရွာကို အကြမ်းဖက် စစ်တပ်က ၂ နေရာခွဲ၍ မီးရှို့ဖျက်ဆီးခြင်းကြောင့် နေအိမ် ၈၀ ကျော်ပြာကျခဲ့ကြောင်း သိရသည်။

“စစ်ခွေးတွေက ဝက်လက်မြို့နယ်ထဲကို စစ်ကြောင်း ၃ ကြောင်းလောက်နဲ့မီးရှို့နေတာပါ။ စစ်ခွေးစစ်ကြောင်းက အဲထက်လည်း များနိုင်ပါတယ်။ ကျနော်တို့ သိရနေအိမ်ပျက်စီးမှု အရေအတွက်ကို မူးကြီးရွာမှာ အိမ် ၇၀ ကျော်နဲ့ လှတောရွာမှ အိမ် ၈၀ ကျော် မီးလောင်ပြာကျသွားတယ်လို့ သိရတယ်။ ပြည်သူတွေလည်း ပြေးနေရတာ သောင်းနဲ့ချီတဲ့ တော်တော်များများက ရွာတွေထဲကို ပြန်မဝင်နိုင်သေးဘူး” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

လက်ရှိချိန်တွင် ဝက်လက်မြို့နယ်အတွင်းရှိ ရွာသာကြီး ၊ ထုံးဘို ၊ တံတားဦး ၊ တမာကုန်း ၊ ရွာတော်ကုန်း ၊ ဥတည်ကုန်း ၊ အုပ်ဖိုကုန်း ၊ ကျီးကန် တောင်ရွာ မြောက်ရွာ ၊ လှတော ၊ လှည်းဦးကြီးကုန်း ၊ နှမ်းကြီးကုန်း ၊ ရွှေဒါး ၊ရင်းမတော ၊ ကက္ကိုလ်စု ၊ ငှက်ပြောတော ၊တကောင်းတောင် ၊ ကဒူး များ အပါအဝင် အနီးအနားရှိ ကျေးရွာများမှ ပြည်သူ ၂ သောင်းကျော်သည် ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

ထို့ပြင် အကြမ်းဖက် စစ်တပ်က အောက်တိုဘာလ ၁၃ ရက်နေ့မှ နိုဝင်ဘာ ၁ ရက်နေ့အထိ Gyrocopter ၊ စက်တပ်လေထီးနှင့် ဂျက်ဖိုက်များဖြင့် အကြိမ် ၁၆၀ ကျော် ဗုံးကျဲ တိုက်ခိုက်မှုများလည်း ပြုလုပ်ထားကြောင်း ဝက်လက်မြို့နယ် လူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီက ထုတ်ပြန်ထားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article