31 C
Yangon

ရေဦး၊ ခင်ဦး၊ ကန့်ဘလူ၊ ကလေး၊ မြိုင်နှင့် မော်လိုက် မြို့နယ်တို့ရှိ ကျေးရွာများကို စစ်တပ်က လေယာဉ်ဖြင့် ဆက်တိုက် ဗုံးကျဲ ၊ ထောင်နှင့်ချီသော ပြည်သူများ ထွက်ပြေးနေရ

Must read

ရန်ကုန်၊ နိုဝင်ဘာ ၁၅

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ ခင်ဦးမြို့နယ်နှင့် ကန့်ဘလူမြို့နယ် အစပ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဆက်တိုက် ဗုံးကျဲ တိုက်ခိုက်သွားကြောင်း ရေဦးမြို့နယ် People’s Defense Comrade မှ တာဝန်ရှိသူ ထူးခန့်ဇော် (အမေ့သား) က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၁၄ ရက်နေ့ နံနက် အစောပိုင်းတွင် ရေဦးမြို့နယ်နယ် အနောက်မြောက်ခြမ်းရှိ ရွာထောင်ရွာနှင့် မင်းမောင်းကုန်းရွာ အနီးကို တံတားဦးလေတပ်မှ တက်လာတဲ့ ဂျက်ဖိုက်တာ ၂ စီးက လေကြောင်းတိုက်ခိုက်မှု ပြုလုပ်သွားခြင်းဖြစ်ကြောင်း၊ အကြမ်းဖက် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုအတွင်း ရွာထောင်ရွာ၊ မင်းမောင်းကုန်းရွာ၊ ဂုံတန်ရွာနှင့် ရွာပုလဲရွာမှ ပြည်သူများ အရေးပေါ်ဗုံးခိုကျင်းများတွင် ပုန်းခိုနိုင်ခဲ့သောကြောင့် ထိခိုက်ဒဏ်ရာရရှိသူမရှိကြောင်း သိရသည်။

အလားတူ နိုဝင်ဘာလ ၁၄ ရက်နေ့ နံနက် ၁၀ နာရီ ၁၂ မိနစ်ခန့်တွင် တံတားဦး လေတပ်မှ တက်လာတဲ့ ဂျက်ဖိုက်တာ ၁ စီးသည် ကန့်ဘလူနယ်မြို့နယ်နှင့် ခင်ဦးမြို့နယ် အစပ်ရှိ ကျောက်တိုင်ရွာဘက်ကို လေကြောင်းတိုက်ခိုက်မှု ထပ်မံ ပြုလုပ်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှု အတွင်း ပြည်သူ ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

“အခုရက်ပိုင်း ကန့်ဘလူနယ် ခင်ဦးနယ် ရေဦးနယ် ဒီပဲယင်းနယ်တွေကို စစ်ခွေးတွေက လေကြောင်းတိုက်ခိုက်မှု ခပ်စိပ်စိပ် လုပ်ဆောင်လာတာပါ။ ဒီနယ်တွေကပြည်သူတွေမှာလည်း မြေပြင်စစ်ကြောင်းရန် ကြောက်ရ လေကြောင်းရန်ကြောက်ရနဲ့ စိုးရိမ်တုန်လှုပ်နေ​ထိုင်နေကြရတယ်။ စစ်ကြောင်းထိုးနေခြင်းမရှိတဲ့ ရေဦးနယ် ဒီပဲယင်းနယ်တွေကိုပါ လေကြောင်း တိုက်ခိုက်တာတွေက ဂျက်ဖိုက်တာ ၂ စီး ၃ စီးအသုံးပြုပြီး တိုက်ခိုက်လာတာတွေ တွေ့ရပါတယ်။ ပြည်သူတွေအနေနဲ့ လေကြောင်း အသိ လေကြောင်းသတိရှိစွာနဲ့ အထူးဂရုစိုက်နေထိုင်ကြဖို့ ကိုယ့်မြို့နယ်အတွင်း ကိုယ့်ကျေးရွာပေါ် လေကြောင်းဖြတ်သန်းဝင်လာခဲ့ရင်လည်း နီးစပ်ရာ ဗုံးခိုကျင်း(သို့) အကာအကွယ်ကောင်းတဲ့နေရာတွေမှာ အမြန်ဆုံးတိမ်းရှောင်ကြဖို့ သတိပေးချင်ပါတယ်” ဟု ရေဦးမြို့နယ် People’s Defense Comrade မှ တာဝန်ရှိသူ ထူးခန့်ဇော်(အမေ့သား) က ပြောဆိုသည်။

ထို့ပြင် စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် တောင်ပိုင်းရှိ ကျေးရွာများကိုလည်း အကြမ်းဖက် စစ်တပ်က Y-12 လေယာဉ်ဖြင့် ဗုံး ၃၀ ကျော် ကျဲချ တိုက်ခိုက်ခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၁၄ ရက်နေ့ မွန်းလွဲ ၁၂ နာရီကျော်ခန့်က စတင်ပြီး အကြမ်းဖက် စစ်တပ်က ကလေးမြို့နယ် တောင်ပိုင်းရှိ မှန်တောရွာနှင့် အနီးဝန်းကျင်ရှိ ကျေးရွာများကို Y-12 လေယာဉ်ဖြင့် ဗုံး ၃၀ ကျော် ကျဲချ တိုက်ခိုက်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှုကြောင့် ပြည်သူများသည်ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

အလားတူ မကွေးတိုင်း၊ မြိုင်မြို့နယ် အတွင်းရှိ ကျေးရွာများကိုလည်း အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာ၊ စက်တပ်လေထီးများဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၁၄ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်နှင့် ညမေ ၄ နာရီခန့်တွင် မြိုင်မြို့နယ် အနောက်တောင်ခြမ်းရှိ ကျေးရွာများကို ဂျက်ဖိုက်တာ ၁ စီး၊ ပခုက္ကူ တပ်မ ၁၀၁ မှ တက်လာသော စက်တပ်လေထီး ၂ စီး တို့က လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း၊ အကြမ်းဖက် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှုအတွင်း ပြည်သူများ ထိခိုက်မှုမရှိသော်လည်း လက်ရှိချိန်တွင် ကျေးရွာနေ ပြည်သူများသည် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

အလားတူ နိုဝင်ဘာလ ၁၃ ရက်နေ့ ညနေ ၆ နာရီကျော်ခန့်တွင် မော်လိုက်မြို့နယ် အရှေ့ပိုင်းရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်၏ ဒရုန်းလေယာဉ် ၁ စီးက ဗုံး ၂၄ လုံးကျဲချ တိုက်ခိုက်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှုကြောင့် ပြည်သူများသည် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

ဓာတ်ပုံ- ယခုနိုဝင်ဘာလအတွင်း ရွှေဘိုမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့စဉ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article