26.6 C
Yangon

ပုဏ္ဏားကျွန်းတွင် ခရီးသည်တင်စက်လှေ တိမ်းမှောက်မှုမှ ပျောက်ဆုံးနေသူများ၏ ရုပ်အလောင်းများ ထပ်မံတွေ့ရှိရ၍ သေဆုံးသူ ၁၁ ဦးအထိရှိ

Must read

ရန်ကုန်၊ ဇွန် ၁၆

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်အတွင်း၌ ခရီးသည်တင်စက်လှေ တိမ်းမှောက်မှုကြောင့် ပျောက်ဆုံးနေသူများ၏ ရုပ်အလောင်းများကို ပြန်လည်ရှာဖွေတွေ့ရှိခဲ့၍ သေဆုံးသူ ပြည်သူ ၁၁ ဦးအထိရှိကြောင်း ပုဏ္ဏားကျွန်းလူငယ်အစည်းအရုံးမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယမန်နေ့ ဇွန်လ ၁၅ ရက်နေ့ မွန်းလွဲ ၁၂ နာရီခန့်တွင် ရသေ့တောင်မြို့နယ်၊ ဂူတောင်ကျေးရွာမှ ကျောက်တော်မြို့သို့ ဈေးဝယ်ရန် ခရီးသည် ၃၅ ဦး တင်ဆောင်၍ ထွက်ခွာလာသော ခရီးသည်တင်စက်လှေ ၁ စီးသည် ပုဏ္ဏားကျွန်းမြို့နယ်၊ ကင်းချောင်းအတွင်း ရေပြင်မြင့်တက်နေမှုကြောင့် ဦးရာဇ်မင်္ဂလာကြိုးတံတားကို ရှောင်မောင်းနှင်ရာမှ ကျောက်ဆောင်နှင့် တိုက်မိကာ စက်လှေ တိမ်းမှောက်နစ်မြှုပ်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ စက်လှေတိမ်းမှောက်မှုအတွင်း ကနဦးတွင် သေဆုံးသူ ရုပ်အလောင်း ၉ လောင်းနှင့် ပျောက်ဆုံးနေသူ ၃ ဦး ရှိခဲ့သော်လည်း ကယ်ဆယ်ရေးအဖွဲ့များက စက်လှေကို ဆွဲတင်ကာ ဆက်လက်ရှာဖွေခဲ့ကြရာ ပျောက်ဆုံးနေသည့် ပြည်သူများ၏ ရုပ်အလောင်းများကို ထပ်မံရှာဖွေတွေ့ရှိခဲ့၍ လက်ရှိချိန်တွင် အမျိုးသမီး ၅ ဦးနှင့် အမျိုးသား ၆ ဦး၊ စုစုပေါင်း ပြည်သူ ၁၁ ဦး ရေနစ်သေဆုံးခဲ့ရကြောင်း သိရှိရသည်။

ထိုစက်လှေတိမ်းမှောက်မှုကြောင့် ရေနစ်သေဆုံးသွားခဲ့ရသည့် ပြည်သူ ၁၁ ဦးမှာ အသက် ၆၆ နှစ်အရွယ် ဦးခင်မောင်၊ အသက် ၆၄ နှစ်အရွယ် ဦးမောင်သိန်းရွှေ၊ အသက် ၆၁ နှစ်အရွယ် ဒေါ်မသောင်း၊ အသက် ၅၀ နှစ်အရွယ် ဒေါ်ရီရီဆန်း၊ အသက် ၄၆ နှစ်အရွယ် ဒေါ်အမူချေ၊ အသက် ၄၄ နှစ်အရွယ် ဦးသိန်းကျော့ဝေ၊ အသက် ၄၀ နှစ်အရွယ် ဦးသန်းကျော်စိန်၊ အသက် ၃၃ နှစ်အရွယ် ကိုဉာဏ်လင်းဝေ၊ အသက် ၂၈ နှစ်ကျော်အရွယ် ကိုမောင်ဇိ၊ အသက် ၂၆ နှစ်အရွယ် မနိုင်နိုင်ဝင်းနှင့် အသက် ၂၄ နှစ်အရွယ် မစိုးယုဝေ တို့ ဖြစ်ကြောင်း သိရသည်။

“ကျနော်တို့လှေကို ဆွဲတင်ပြီးတဲ့နောက်မှာတော့ ပျောက်ဆုံးလူအားလုံးပြန်တွေ့ပါပြီ။ သေဆုံးသွားတဲ့ ပြည်သူကတော့ အမျိုးသမီး ၅ ဦးနဲ့အမျိုးသား ၆ ဦးအားလုံးပေါင်း ၁၁ ဦးပါ။ ပထမဆုံး ပြည်သူ ၉ ဦးအလောင်းရပြီး နောက်ပျောက်ဆုံးနေတဲ့ ၂ ဦးရဲ့အလောင်းကို ထပ်တွေ့တာပါ။ အဲ့ကင်းချောင်းက ရေကမြင့်နေတော့လေ ပုဏ္ဏားကျွန်းမြို့ ဦးရာဇ်မင်္ဂလာကြိုးတံတားရှောင်ရင်း အမှတ်မထင် သွားငြိမိ၊ တိုက်မိတာပြီး စက်လှေကမှောက်သွားတာပါ။ ဒီကာလကျတော့ ချောင်း၊မြောင်းတွေသွားတဲ့အခါမှာ ရေစီးသန်တယ်။ အဲ့တော့ ကျနော်တို့ အာရက္ခအစိုးရကလည်း ထုတ်ပြန်ထားတာရှိတယ်ပေါ့ အဲ့ထုတ်ပြန်ချက်တော့ကို သေချာလိုက်နာကြဖို့ လိုအပ်ပြီလို့တော့ ပြောချင်ပါတယ်” ဟု ပုဏ္ဏားကျွန်းလူငယ်အစည်းအရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

အဆိုပါ တိမ်းမှောက်ခဲ့သည့် စက်လှေပေါ်တွင် ခရီးသည် ၃၅ ဦး လိုက်ပါစီးနင်းလာခဲ့ခြင်းဖြစ်ပြီး ၎င်းတို့အနက် ၂၄ ဦးကိုသာ အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့ကြောင်း၊ အသက်ရှင်ကျန်ရစ်သူများအနက် ဒဏ်ရာပြင်းထန်သည့်သူများကိုလည်း ဆေးရုံသို့ ပို့ဆောင်ကာ ဆေးကုသမှုခံယူနေကြောင်း သိရသည်။

လက်ရှိချိန်တွင် အာရက္ခပြည်သူ့အစိုးရ၊ ပို့ဆောင်ရေးဌာနကလည်း ရေယာဉ်ပိုင်ရှင်များနှင့် ခရီးသည်များအနေဖြင့် မိုးလေဝသအခြေအနေများကို စနစ်တကျ ကြည့်ရှုပြီးမှ ခရီးသွားလာကြရန်၊ ရေကြောင်း ခရီးသွားလာရာတွင် အသက်ကယ်အင်္ကျီများကို မပျက်မကွက် ဝတ်ဆင်ကြရန်နှင့် ခရီးသည်များနှင့် ကုန်ပစ္စည်းများကို သတ်မှတ်ဝန်အလေးချိန်ထက် အလွန်အကျွံ တင်ဆောင်ခြင်းမပြုကြရန် သတိပေးထားကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article