မွန်ပြည်နယ်၊ ရေးမြို့နယ်၊ လိပ်ပုတ်ရွာကို စစ်ကြောင်းထိုး လာသော အကြမ်းဖက် စစ်တပ်ကို ကြားဖြတ် တိုက်ခိုက်ရာ စစ်သားများ ထိခိုက်သေဆုံးမှုရှိကြောင်း ရေးဘီလူးတပ်ဖွဲ့၏ တပ်ရင်းမှူးက ရန်ကုန် ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။
နိုဝင်ဘာလ ၁၅ ရက်နေ့တွင် ရေးမြို့နယ်၊ လိပ်ပုတ်ရွာသို့ စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်တပ်ကို ရေးဘီလူးအဖွဲ့က ကြားဖြတ် တိုက်ခိုက်ရာ ထိတွေ့ တိုက်ပွဲ ၁ နာရီ ကျော်ကြာ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိသော်လည်း အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း၊ တိုက်ခိုက်မှု ပြုလုပ်ပြီးနောက် ရေးဘီလူး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။
“စစ်ခွေးတွေက မနေ့တုန်းက စစ်ကြောင်းထိုးလာတာ ကျနော်တို့ ရေးဘီလူးတပ်ရင်းနဲ့ ထိတွေ့မှုဖြစ်ခဲ့တယ်။ ရန်သူ့ဘက်ခြမ်းက အထိအခိုက် မသေချာဘူး။ ကျွန်တော်တို့ဘက်ခြမ်းက ထိခိုက်မှုမရှိဘူး။ ရန်သူကိုတော့ အပိုင်ပစ်နိုင်တယ်။ ရန်သူ့ဘက်က ဒဏ်ရာရတာတွေတော့ ရှိမှာပေါ့။ ကျဆုံးမှုကိုတော့ အတိအကျမဖြစ်ဘူး။ ရန်သူက အင်အားများတယ် အင်အား ၂၀၀ ဝန်းကျင်လောက် ရှိတယ် မနေ့က လိပ်ပုတ်ရွာကို စစ်ကြောင်းထိုးလာခဲ့တာပေါ့။ ကျွန်တော်တို့နဲ့ တိုက်ပွဲဖြစ်ပြီးတော့ နာရီပိုင်းအတွင်းမှာပဲ ပြန်ဆင်းသွားတယ်။ တိုက်ပွဲကြာမြင့်ချိန်ကတော့ ၁ နာရီခွဲလောက်ရှိတယ်” ဟု ရေးဘီလူးတပ်ဖွဲ့၏ တပ်ရင်းမှူးက ပြောဆိုသည်။
တိုက်ပွဲဖြစ်ပွားချိန်အတွင်း အကြမ်းဖက်စစ်တပ်၏ ရမ်းသမ်းပစ်ခတ်မှုကြောင့် ပြည်သူ့ နေအိမ်အချိန် ထိခိုက်ပျက်စီးခဲ့ပြီး ဆိုင်ကယ်ပြင်ဆိုင် တစ်ဆိုင်လည်း မီးလောင်ပျက်စီးခဲ့ကြောင်း သိရှိရသည်။




