ရန်ကုန်၊ ဇွန် ၁၆
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့ကို စစ်ကောင်စီတပ်က ပြန် လည်တောင်းယူနေသည့်အပေါ် တော်လှန်ရေးလက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့် ပြတ်ပြတ်သားသား ကာကွယ်ပေးရန် မြို့ခံပြည်သူများနှင့် ဘုရားသုံးဆူမြို့မှ စစ်အာဏာ ရှင်ဆန့်ကျင်ရေး သပိတ်အဖွဲ့တို့က တောင်းဆိုလိုက်ကြသည်။
ယခု ဇွန်လအတွင်း စစ်ကောင်စီတပ်က DKBA နှင့် ကရင်အမျိုးသားအစည်းအရုံး (KNU) တို့ ထိန်းချုပ်ထားသော ထိုင်း-မြန်မာနယ်စပ်မြို့ဖြစ်သည့် ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့ကို ၎င်းတို့ထံ ပြန်လည်ပေးအပ်ရန် တောင်းဆိုလာခြင်း ဖြစ်သည်။ အဓိကအားဖြင့် လက်ရှိတွင် ဘုရားသုံးဆူမြို့၏ အုပ်ချုပ်ရေးနှင့် လုံခြုံရေးကဏ္ဍများကို ကရင်လက်နက်ကိုင်အဖွဲ့များကသာ အလုံးစုံထိန်းချုပ်ထားသဖြင့် စစ်ကောင်စီဘက်က ယင်းအုပ်ချုပ်ရေးနှင့် လုံခြုံရေးအာဏာကို ပြန်လည်ရယူရန် ကြိုးစားလာခြင်းဖြစ်ကြောင်း သိရသည်။
ဘုရားသုံးဆူမြို့တွင် ၂၀၂၃ ခုနှစ် ဇွန်လမှစတင်ကာ စစ်ကောင်စီ၏ အုပ်ချုပ်ရေးနှင့် လုံခြုံ ရေးကဏ္ဍများ လုံးဝရပ်ဆိုင်းသွားခဲ့ခြင်း ဖြစ်သည်။ ထိုအချိန်မှစ၍ မြို့၏လုံခြုံရေးနှင့် အုပ်ချုပ်ရေးကို DKBA က အဓိကတာဝန်ယူထားပြီး KNU က လိုအပ်သော မြို့၏ အုပ်ချုပ်ရေးဆိုင်ရာ ကဏ္ဍများအားလုံးတွင် ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိသည်။
ဘုရားသုံးဆူမြို့မှ စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက”ဘုရား သုံးဆူမှာ ရဲတွေနဲ့ စစ်သားတွေက တပ်စခန်းတွေမှာ ရှိနေတယ်။ သူတို့ဘာမှ မလုပ်ရဲဘူး။ စခန်းထဲမှာပဲ နေကြတာ။ ထိုင်း-မြန်မာနယ်စပ်ဘုရားသုံးဆူဂိတ်ဆိုရင်လည်း DKBA က ထိန်းချုပ်ထားတာ။ မြို့အုပ်ချုပ်ရေးမှာတော့ KNU နဲ့ DKBA က တာဝန်ယူထားကြတာ။ DKBA ဆိုရင်တော့ ဗိုလ်အေဝမ်းပေါ့။ မြို့ပြင် သတ္တုတူးဖော်ရေးလုပ်ကွက်တွေကလည်း KNU က အုပ်ချုပ်နေတာ။ ပြည်သူလူထုအနေနဲ့က DKBA နဲ့ရော KNU နဲ့ရော အဆင်ပြေတယ်။ လွတ်လွတ်လပ်လပ်သွားလာနေထိုင်လို့ရတယ်။ လုပ်ကိုင်စားသောက်လို့ရတယ်။ စစ်တပ်ကို ကြောက်စရာကိုမလိုတာ။ DKBA နဲ့ KNU အောက်မှာနေရတာက မြို့အတွက် အဆင်ပြေတယ်”ဟု ပြောဆိုသည်။
ဘုရားသုံးဆူမြို့ခံများနှင့် အရပ်ဘက်အဖွဲ့အစည်းများ၏ ထောက်ပြချက်အရ ဘုရားသုံးဆူမြို့သည် တကယ်တမ်း၌ မြို့သူမြို့သားများ၏ ပိုင်ဆိုင်မှုသာဖြစ်ပြီး မြို့နေ ပြည်သူများအတွက် ကရင်လက် နက်ကိုင်များအနေဖြင့် ဆက်လက်ထိန်းချုပ်ထားသင့်ကြောင်း ၊ ထို့ကြောင့် မြို့ကို စစ်ကောင်စီက ပြန်လည်ပေးအပ်ရန် တောင်းဆိုလာခြင်းမှာ လူထု ၏ ရပိုင်ခွင့် အခွင့်အရေးကို ကန့်သတ် ထိန်းချုပ်လိုသည့် အပြုအမူအဖြစ် ရှုမြင်နိုင်ကြောင်း ပြောဆိုကြသည်။
လက်ရှိတွင် ဘုရားသုံးဆူမြို့၌ KNU၊ DKBA တို့အပြင် တော်လှန်ရေးဘက်တော်သားများပါ လွတ်လပ်စွာ သွားလာလှုပ်ရှားနေကြပြီး မြို့သူမြို့သားများကလည်း အဆိုပါတော်လှန် ရေးအဖွဲ့အစည်းများကို အပြည့်အဝ ဝန်းရံ ထောက်ပံ့ပေးနေကြကြောင်း၊ DKBA ၊ KNU အပါအဝင် တော်လှန်ရေးအဖွဲ့များကြောင့် ဘုရားသုံးဆူမြို့တွင် တပ်စွဲထားသော စစ်တပ်မှာ လှုပ်ရှားမှုမလုပ်ရဲဘဲ မြို့သူမြို့သားများအေးချမ်စွာ နေထိုင်နိုင်ကြခြင်းဖြစ်သည်ဟု မြို့ခံများက ပြောဆိုကြသည်။
ဘုရားသုံးဆူသို့ အကြမ်းဖက်စစ်တပ်က စစ်ကြောင်းထိုးဝင်ရောက်လာပါ မြို့သူမြို့သား အများစုမှာ ထိုင်း-မြန်မာနယ်စပ်ဘက်သို့ တိမ်းရှောင်ရမည့်အခြေအနေဖြစ်နေပြီး စစ် တပ်၏ အုပ်ချုပ်မှုကို မလိုလားကြဟု မြို့နေပြည်သူတချို့က ရှင်းပြသည်။
“မြို့အတွက်က နယ်စပ်မြို့ဖြစ်တော့ ထိုင်းဘက်ကို မနက် အလုပ်သွားလုပ်၊ ညနေပြန်ကြတယ်။ ပြီးတော့ စားဝတ်နေရေးအတွက် ထိုင်းဘက်ကနေ ကုန်စည်တွေနဲ့ အလုပ်အကိုင်တွေက အတော်အဆင်ပြေတယ်။ မြို့ကို ကာကွယ်ထားတဲ့ တပ်တွေကလည်း ပြည်သူတွေ အပေါ်မှာ ဘာမှ တင်းကျပ်တာ၊ ထိန်းချုပ်တာမရှိဘူး။ လွတ်လွတ်လပ်လပ် ကူးသန်းသွားလာခွင့်ပေးထားတယ်။ နောက်အရေးကြီးဆုံးက ဧည့်စာရင်းတိုင်စရာမလိုဘူး။ စစ်မှုထမ်းကြေး မပေးရဘူး။ ပေါ်တာဆွဲမှာ မကြောက်ရဘူး။ အဲဒါနဲ့တင်ကို ကျေနပ်စရာအခြေအနေပါ။ စစ်တပ် ပြန်ဝင်လာရင်တော့ အကုန်ထိုင်းဘက်မှာ ပြောင်းနေရမယ့် အခြေအနေ။ “ဟု ဘုရားသုံးဆူမြို့မှ နယ်စပ်ကုန်သွယ်ရေးလုပ်ကိုင်သူ မြို့ခံတစ်ဦးက ရှင်းပြသည်။
လတ်တလော ဘုရားသုံးဆူမြို့မှ ပြည်သူများအနေဖြင့် အကြမ်းဖက်စစ်တပ်၏ တောင်းဆိုမှုကို ပြတ်ပြတ်သားသား ဆန့်ကျင်ရန် ဆန္ဒပြ လှုပ်ရှားမှုများ လုပ်ဆောင်သွားရန် ရှိနေကြောင်း သိရှိရသည်။






