31 C
Yangon

မြိုင်မြို့နယ်အတွင်း စစ်တပ် စစ်ကြောင်းထိုးနေ၍ ထွက်ပြေးတိမ်းရှောင်နေရသော အသက် ၆၁ နှစ်မှ အသက် ၉၁ အရွယ် သက်ကြီးရွယ်အို ၃ ဦး အအေးမိပြီး သေဆုံး

Must read

ရန်ကုန်၊ နိုဝင်ဘာ ၁၇

မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်း အကြမ်းဖက် စစ်တပ် စစ်ကြောင်းထိုးနေ၍ ထွက်ပြေးတိမ်းရှောင်နေရသော အသက် ၆၁ နှစ်မှ အသက် ၉၁ အရွယ် သက်ကြီးရွယ်အို ၃ ဦး အအေးမိပြီး သေဆုံးခဲ့ကြောင်း We Love Myaing (ချစ်သော အညာမြေ) အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၃ ရက်နေ့မှ စတင်ပြီး ပခုက္ကူတပ်မ ၁၀၁ မှ ထွက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ပခုက္ကူမြို့နယ်အတွင်းရှိ ကျေးရွာများကို စစ်ကြောင်းထိုးဝင်ရောက်လာပြီးနောက် နိုဝင်ဘာလ ၁၁ ရက်နေ့တွင် မြိုင်မြို့နယ်တောင်ပိုင်းနှင့် မြိုင်မြို့အနောက်တောင်ဘက်ရှိ စက်မှု ၂ ကို ရောက်ရှိလာခဲ့ကြောင်း သိရသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းထိုး ဝင်ရောက်လာသောကြောင့် မြိုင်မြို့နယ် တောင်ပိုင်း၊ အနောက်တောင်ပိုင်းနှင့် အနောက်ပိုင်းရှိ ကျေးရွာများမှ သောင်းနှင့်ချီသော ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။

ထို့ပြင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ပြည်သူပိုင် ပစ္စည်းများကို ခိုးယူခြင်း၊ ပြည်သူပိုင်နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်း၊ ပြည်သူများကို ဓားစာခံအဖြစ် ဖမ်းဆီးသတ်ဖြတ်ခြင်းများလည်း ကျူးလွန်းနေကြောင်း သိရသည်။

ထိုသို့ စစ်ကြောင်းထိုးနေ၍ ထွက်ပြေးတိမ်းရှောင်နေရသူများထဲမှ နိုဝင်ဘာလ ၁၅ ရက်နေ့ ညပိုင်းတွင် မြိုင်မြို့နယ်အနောက်ပိုင်းမှ အသက် ၉၁ နှစ်အရွယ် အဖိုးအို ၁ ဦး ၊ နိုဝင်ဘာလ ၁၆ ရက်နေ့ ညပိုင်းတွင် မြိုင်မြို့နယ်အနောက်ပိုင်းမှ အသက် ၉၀ နှစ် အရွယ် အဖွားအို ၁ ဦးနှင့် နိုဝင်ဘာလ ၁၇ ရက်နေ့ နံနက်ပိုင်းတွင် မြိုင်မြို့နယ်အနောက်ပိုင်းမှ အသက် ၆၁ နှစ်အရွယ် အဖွားအို ၁ ဦး အအေးမိ၍ သေဆုံးခဲ့ကြောင်း သိရှိရသည်။

“အညာဆောင်းရဲ့ ရာသီဥတုက လူငယ်လူရွယ်တွေအတွက် ပြဿနာမရှိပေမယ့် အားအင်ချိနဲ့တဲ့ သက်ကြီးရွယ်အိုတွေနဲ့ ကလေးသူငယ်တွေ အတွက်တော့ အင်မတန်မှကို အန္တရာယ်များလွန်းလှပါတယ်။ အဲ့တာကြောင့် အညာဒေသ အနယ်နယ်အရပ်ရပ်မှ ပြည်သူများအားလုံး မိမိတို့ဒေသကို စစ်ကြောင်းလာ၍ တိမ်းရှောင်ပါက အညာဆောင်း၏ ရာသီဥတုကို အံတုနိုင်မည့် အနွေးထည်များ အနွေးစောင်များကို မမေ့မလျော့ ယူဆောင်ကြဖို့ အသိပေးလိုပါတယ်” ဟု We Love Myaing (ချစ်သော အညာမြေ) အဖွဲ့မှ တာဝန်ရှိသူက ပြောဆိုသည်။

လက်ချိန်တွင် သက်ဆိုင်ရာ ဒေသတွင်း ကာကွယ်ရေးအဖွဲ့အစည်းများ အနေဖြင့် ဒေသအတွင်း စစ်ကြောင်းလာမည့် သတင်းရပါက ပြည်သူများ လိုအပ်မှုများ ပြင်ဆင်ထားနိုင်ရန် ကြိုတင် ညွှန်ကြားမှုများ လုပ်ဆောင်ကြရန် မေတ္တာရပ်ခံကြောင်း We Love Myaing (ချစ်သော အညာမြေ) အဖွဲ့မှ တာဝန်ရှိသူက ဆက်လက် ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article