31 C
Yangon

ရေဦး-ခင်ဦး-ကန့်ဘလူ မြို့နယ် အစပ်ကို စစ်ကြောင်းထိုးနေသော စစ်တပ်က ကျောက်တိုင်ရွာကို မီးရှို့ဖျက်ဆီး၊ သောင်းနှင့်ချီသော ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးနေရ

Must read

ရန်ကုန်၊ နိုဝင်ဘာ ၁၇

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်-ခင်ဦးမြို့နယ်-ကန့်ဘလူမြို့နယ် အစပ်ကို စစ်ကြောင်းထိုးနေသော အကြမ်းဖက် စစ်တပ်က ကျောက်တိုင်ရွာကို မီးရှို့ဖျက်ဆီးခဲ့ကာ သောင်းနှင့်ချီသော ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးနေရကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၁၅ ရက်နေ့မှ စတင်ပြီး တပ်မ ၃၃ မှ စစ်သားများနှင့် ဝါသဝပျူစောထီးများ ပူးပေါင်းထားသော အင်အား ၃၀၀ ဝန်းကျင်ပါ စစ်ကြောင်းသည် ရေဦးမြို့နယ်၊ ကန့်ဘလူမြို့နယ်နှင့် ခင်ဦးမြို့နယ် အစပ်ရှိ အိုင်ပေါင်းချောင်ရွာကို စတင် စစ်ကြောင်းထိုး ဝင်ရောက် တပ်စွဲခဲ့ကြောင်း သိရသည်။

ထိုစစ်တပ် စစ်ကြောင်းသည် နိုဝင်ဘာလ ၁၆ ရက်နေ့ နံနက်ပိုင်းတွင် အိုင်ပေါင်းချောင် ကျေးရွာမှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ကာ ရေဦးနှင့် ခင်ဦး မြို့နယ် အစပ်ရှိ ကျောက်တိုင်ကျေးရွာကို ဝင်ရောက်စီးနင်းခဲ့ကြောင်း၊ ထိုသို့ ဝင်ရောက်စီးနင်းပြီးနောက် ကျောက်တိုင်ကျေးရွာအတွင်းရှိ ပြည်သူပိုင် နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။

ယင်းစစ်တပ် စစ်ကြောင်းကြောင့် လက်ရှိချိန်တွင် ရေဦးမြို့နယ်-ခင်ဦးမြို့နယ်-ကန့်ဘလူမြို့နယ် အစပ်ရှိ ကျောက်တိုင်ရွာ ၊ ကျီစုရွာ ၊ ဝက်တိုးရွာ ၊ အိုင်ပေါင်းချောင်ရွာ ၊ ယင်းတိုက်ရွာ ၊ ငါးရုံကြီးရွာ ၊ ရှားတောရွာ ၊ မုံလှရွာ ၊ သာဝတ္ထိရွာ ၊ မြင်းကျရွာ ၊ သရက်ကုန်းရွာ ၊ ကျွန်းတောကြီးရွာ ၊ ကျွန်းတောလေး (ဥယျာဉ်) ရွာ၊ မကျီးအုပ်ရွာ ၊ ယာတော်ရွာ ၊ မြင်းဒေါင်းရွာ ၊ သရက်ပင်စုရွာ ၊ အင်တိုင်းလေး တောင်/မြောက်ရွာ ၊ သက်သာပန်းတောင်း(ကားဆိပ်)ရွာတို့မှ သောင်းနှင့်ချီသော ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

“စစ်ဘေးရှောင်တွေက ရက်ရှည်လာတာနဲ့အမျှ စစ်ရှောင်တွေအတွက် နေစရာ စားစရာ အခက်အခဲတွေ များလာတဲ့အပြင် ဆောင်းရာသီအကူးမှာ ကျန်းမာရေးမကောင်းမှုများ အများစုဖြစ်လာပါတယ်။ နေစရာ ဖြစ်သလို တိမ်းရှောင်နေကြရတဲ့အတွက်ကြောင့် ကိုယ်ဝန်ဆောင်မိခင်သည်တွေ ၊ ကလေးသူငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေ အဓိက နာမကျန်း ဖျားနာမှုတွေရှိနေပြီဖြစ်ပါတယ်” ဟု ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ တာဝန်ရှိသူက ပြောဆိုသည်။

ထို့ကြောင့် စစ်ဘေးရှောင်ပြည်သူများကို ပြည်သူအချင်းချင်း ဖေးမ ကူညီပေးကြပါရန်နှင့် အနယ်နယ်အရပ်ရပ်မှ ပြည်ပရောက် ပြည်သူများအနေဖြင့်လည်း မြေပြင်အဖွဲ့အစည်းများထံ ဆက်သွယ် ပါဝင်ကူညီပေးကြရန် မေတ္တာရပ်ခံကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောဆိုထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article