31 C
Yangon

KNU ကချမှတ်ထားသော မူဝါဒနှင့်ပေါ်လစီများကို လိုက်နာရန် ဥက္ကဋ္ဌဟောင်း မူတူးစေးဖိုးနှင့် ပဒိုရွှေမောင်းတို့ကို အကြိမ်ကြိမ် သတိပေးခဲ့သော်လည်း မလိုက်နာခဲ့၍ KNU အဖွဲ့ဝင်အဖြစ်မှ အပြီးတိုင် ထုတ်ပယ်ဟုဆို

Must read

ရန်ကုန်၊ နိုဝင်ဘာ ၁၈

ကရင်အမျိုးသားအစည်းအရုံး-KNU (ဗဟို)က ချမှတ်ထားသော မူဝါဒနှင့်ပေါ်လစီများကို လိုက်နာရန် ဥက္ကဋ္ဌဟောင်း မူတူးစေးဖိုးနှင့် ပဒိုရွှေမောင်းတို့ကို အကြိမ်ကြိမ် သတိပေးခဲ့သော်လည်း မလိုက်နာခဲ့၍ အဖွဲ့ဝင်အဖြစ်မှ အပြီးတိုင် ထုတ်ပယ်လိုက်ကြောင်း KNU ဗဟိုအလုပ် အမှုဆောင်လည်းဖြစ်၊ ပြောရေးဆိုခွင့်ရှိသူလည်းဖြစ်သူ ပဒိုစောတောနီးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

KNU ဥက္ကဋ္ဌဟောင်း မူတူးစေးဖိုးနှင့် ပဒိုရွှေမောင်းတို့သည် ၁၇ ကြိမ်မြောက် ကွန်ကရက်ကတည်းက ပြန်လည် အရွေးချယ်ခံရခြင်းမရှိတော့ဘဲ KNU ၏ သာမန်အဖွဲ့ဝင်များအဖြစ်သာ ရှိခဲ့ကြောင်း၊ ထိုသို့ ရှိနေစဉ် KNU ဗဟိုက ချမှတ်ထားသော မူဝါဒများနှင့် ပေါ်လစီများကို အကြိမ် ကြိမ် ချိုးဖောက်ကျူးလွန်ခဲ့ကြောင်း၊ ထို့ကြောင့် အကြိမ်ကြိမ်သတိပေးခဲ့သော်လည်း ဆက်လက်လိုက်နာခြင်းမရှိ၍ အစည်းအဝေးခေါ်ယူ ဆုံးဖြတ်ကာ KNU ၏ သာမန်အဖွဲ့ဝင်အဖြစ်မှပင် အပြီးတိုင် ထုတ်ပယ်လိုက်ခြင်းဖြစ်ကြောင်း၊ မူတူးစေဖိုးနှင့် ပဒိုရွှေမောင်းတို့ကို KNU အဖွဲ့ဝင်အဖြစ်မှ ထုတ်ပယ်ခြင်းမှာ NCA ၁၀ နှစ်ပြည့်ပွဲ သွားတက်ခြင်းတစ်ခုတည်းကြောင့်မဟုတ်ဘဲ အကြိမ်ကြိမ်သတိပေးမှုများကို မလိုက်နာဘဲ ဖောက်ဖျက်ခဲ့ခြင်းကြောင့် ဖြစ်ကြောင်း သိရှိရသည်။

“ခေါင်းဆောင်ဟောင်း ၂ ဦးက NCA ပွဲ တက်ရောက်တဲ့ အပေါ်ယံကြည့်တာလေးတစ်ခုနဲ့ ဆုံးဖြတ်လို့ မရဘူးလေ။ ကျနော်တို့မူဝါဒအရ ခိုင်ခိုင်မာမာရှိတယ်လေ။ ငြိမ်းချမ်းရေး ဖြစ်စဉ်နဲ့ပတ်သက်ပြီး ကျနော်တို့ ထဲထဲဝင်ဝင်နဲ့ တက်တက်ကြွကြွပါဝင်လုပ်ဆောင်ခဲ့တဲ့ဟာ ပြင်စရာရှိတာပြင်၊ ပြုစရာရှိတာပြု၊ ကျနော်တို့ပြောတယ်။ ဆိုတယ်။ ဆွေးနွေးခဲ့တယ်။ အချိန်ကာလအားဖြင့်လည်းကျနော်တို့ NCA လက်မှတ်ရေးထိုးပြီးတဲ့နောက်ပိုင်းမှာ တွေ့ဆုံဆွေးနွေးပွဲနဲ့ပတ်သက်လို့ အချိန်ကာလ ၄ ၊ ၅ နှစ်ရှိတယ်။ ဒီလောက်ကြိုးကြိုးစားစား လုပ်ဆောင်နေတဲ့အထဲကပဲ ဒီမူ ပေါ်လစီတွေနဲ့ဆန့်ကျင်ပြီးတော့ အာဏာသိမ်းလိုက်တဲ့အခါမှာ လုံး၀ လက်ခံလို့မရတော့ဘူး။ အဲဒီလို အနီရောင်မျဉ်းတားထားတဲ့ဟာကို သိသိကြီးနဲ့ ကျော်ဖြတ်ပြီးတော့ ကျနော်တို့ကို ဖောက်ဖျက်လာတဲ့အခါမှာ အထူးသဖြင့် ဒီစာချုပ်နဲ့ပတ်သက်ပြီး သဘောတူတဲ့အချက်တွေကို ကျော်ဖြတ်ပြီးတော့ အများကြီး ဖောက်ဖျက်လာတဲ့အချိန်မှာ ကျနော်တို့ ဘယ်လိုမှ သည်းခံလို့မရတော့ဘူး။ အဲဒါကြောင့် ကျနော်တို့ မူဝါဒ ပေါ်လစီအရ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ဒီလို စည်းဖောက်တဲသူကို လုံး၀ တွေ့စရာမရှိတော့ဘူးဆိုတာ အဖွဲ့အစည်း မူပေါ်လစီချတာ။ ဒါက အဖွဲ့အစည်းရဲ့ မူပေါ်လစီပဲ။ ဒါပေမယ့်လို့ ဒီမူပေါ်လစီကို ဆန့်ကျင်ပြီးတော့ လုပ်သွားတဲ့အပိုင်းကတော့ ပုဂ္ဂိုလ်တစ်ီဥးချင်းစီရဲ့ လုပ်ရပ်ပဲ။ ဒီဟာနဲ့ပတ်သက်ပြီးတော့ အဖွဲ့အစည်းမှာလည်း ဆွေးနွေးခဲ့တာ အကြိမ်ပေါင်း မနည်းဘူး။ သတိပေးခဲ့တာလည်း အကြိမ်ပေါင်း မနည်းဘူး။ ၁၇ ကြိမ်မြောက် ကွန်ဂရက်ပြီးတဲ့နောက်မှာ သူတို့ကိုယ်တိုင်လည်း ရွေးချယ်ခံရခြင်းမရှိတော့ဘူးဆိုပေမယ့် KNU အဖွဲ့ဝင်အဖြစ် ရှိပါသေးတယ်။ KNU အဖွဲ့ရဲ့ သာမန်အဖွဲ့ဝင်အဖြစ် ရှိသေးတဲ့အတွက်ကြောင့်မို့လို့ ဒီမူဝါဒပေါ်လစီကို လိုက်နာစရာအကြောင်းရှိတယ်လေ။ လိုက်နာရမှာပဲ။ ဒါပေမယ့် အဲဒီလိုမလုပ်ဘဲနဲ့ သတိပေးတဲ့ကြားထဲကပဲ ထပ်ခါ ထပ်ခါ အဖန်တလဲလဲ ကျူးလွန်ဖောက်ဖျက်တဲ့နောက်မှာတော့ အဖွဲ့အစည်းကနေ အရေးယူပေးလိုက်တဲ့သဘောပဲဖြစ်ပါတယ်” ဟု ပဒိုစောတောနီးက ပြောဆိုသည်။

KNU အနေဖြင့် လက်ရှိ စစ်အာဏာသိမ်း စစ်တပ်နှင့် ငြိမ်းချမ်းရေး ဆွေးနွေးရန် အကြောင်းမရှိဘဲ စစ်တပ်က ပြုလုပ်မည့် ရွေးကောက်ပွဲကိုလည်း လက်မခံကြောင်း တရားဝင် သတင်းထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article