27 C
Yangon

မြိုင်နှင့် ပေါက်မြို့နယ် အစပ်တွင် စစ်တပ်က စစ်ကြောင်းထိုး မီးရှို့ပြီး လေယာဉ်ဖြင့် ဆက်တိုက်ဗုံးကျဲနေ၍ သောင်းနှင့်ချီသော ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးနေရ

Must read

ရန်ကုန်၊ နိုဝင်ဘာ ၁၈

မကွေးတိုင်း၊ မြိုင်မြို့နယ်နှင့် ပေါက်မြို့နယ် အစပ်တွင် အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုး မီးရှို့ပြီး လေယာဉ်ဖြင့် ဆက်တိုက်ဗုံးကျဲနေ၍ သောင်းနှင့်ချီသော ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးနေရကြောင်း ဒေသတွင်း သတင်းရင်းမြစ်များနှင့် ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၁၆ ရက်နေ့မှ စတင်ပြီး ပေါက်မြို့နယ်မြောက်ပိုင်းကို အကြမ်းဖက် စစ်တပ်က စစ်ကြောင်း ၃ စစ်ကြောင်းဖြင့် စစ်ကြောင်းထိုးနေခြင်းကြောင့် ကျေးရွာ ၂၇ ရွာမှ ပြည်သူ ၁၇၀၀၀ နီးပါးသည် တောတောင်များအတွင်း ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်း ၃ ကြောင်းသည် မြိုင်နှင့်ပေါက်မြို့နယ် အစပ်ရှိ ကျောက်တိုင်ခင်ရွာ ၊ ထန်ပေါက်ကုန်းရွာနှင့် ချိုင်ဇောက် (အထက်) စုရွာများတွင် ရောက်ရှိနေကြောင်း၊ ထို့ပြင် တယ်ပင်ရွာနှင့် ချိုဇောက်စုရွာမှ နေအိမ်တချို့ကိုလည်း မီးရှို့ဖျက်ဆီးထားကြောင်း သိရှိရသည်။

ထို့ပြင် အကြမ်းဖက် စစ်တပ် စစ်ကြောင်း သွားရာ လမ်းတလျောက်ကိုလည်း ယနေ့ နိုဝင်ဘာလ ၁၈ ရက်နေ့နှင့် ၁၇ ရက်နေ့တို့တွင် စက်တပ်လေထီးများဖြင့် ဆက်တိုက်ဗုံးကျဲ တိုက်ခိုက်နေပြီး ပြည်သူ တချို့ ထိခိုက်ဒဏ်ရာရရှိကာ နေအိမ်များလည်း ပျက်စီးမှုရှိကြောင်း သိရသည်။

ထို အကြမ်းဖက် စစ်တပ် စစ်ကြောင်းများသည် အောက်တိုဘာလ ၂၄ ရက်နေ့က ထန်းတပင်ရွာကို စစ်တပ် လေထီးဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ကျေးရွာနေပြည်သူ ၃ ဦးသေဆုံးခဲ့ကြောင်း၊ အောက်တိုဘာလ ၂၉ ရက်နေ့တွင် ရှားပင်ရေရွာ မိုးကောင်းချောင်းမှ အသက် ၃၀ ကျော်အရွယ် ကိုရွှေမင်းနှင့် ရိုကြီးတောမှ အသက် ၄၀ အရွယ် ကိုကျော်နိုင်ထွန်းတို့ကို ဖမ်းဆီးသတ်ဖြတ်ခဲ့ကြောင်း၊ အလားတူ နိုဝင်ဘာလ ၁၁ ရက်နေ့တွင် ဝက်ပုတ်ရွာ အရှေ့ဘုန်းတော်ကြီးကျောင်းအနီးတွင် အသက် ၄၀ နှစ်အရွယ် အမျိုးသမီး ၁ ဦး နှင့် အသက် ၅၂ နှစ်အရွယ် အမျိုးသား ၁ ဦးကို ထပ်မံ သတ်ဖြတ်ခဲ့ကြောင်း သိရသည်။

“စစ်ခွေးစစ်ကြောင်းက ပေါက်နဲ့ မြိုင်မြို့နယ် အစပ်မှာရှိနေတုန်းပဲ ပြည်သူတွေ သောင်းနဲ့ချီတယ် တိမ်းရှောင်နေရတာ အခုဆို ရွာတွေပိုများလာပြီး ခွေးစစ်ကြောင်းအားလုံးကို မြို့နယ် အစပ်မှာဆိုပေမယ့် ပေါက်နယ်ထဲကို ရောက်နေတာ အခုထိ အဲအနီးအနားတွေမှာရှိနေတုန်းပဲ လေကြောင်းကနေလည်း ဆက်လိုက်ကို ဗုံးကျဲနေတယ်” ဟု ဒေသတွင်း သတင်းရင်းမြစ်က ပြောဆိုသည်။

ထိုသို့ စစ်ကြောင်းထိုးနေ၍ ထွက်ပြေးတိမ်းရှောင်နေရသူများထဲမှ နိုဝင်ဘာလ ၁၅ ရက်နေ့ ညပိုင်းတွင် မြိုင်မြို့နယ်အနောက်ပိုင်းမှ အသက် ၉၁ နှစ်အရွယ် အဖိုးအို ၁ ဦး ၊ နိုဝင်ဘာလ ၁၆ ရက်နေ့ ညပိုင်းတွင် မြိုင်မြို့နယ်အနောက်ပိုင်းမှ အသက် ၉၀ နှစ် အရွယ် အဖွားအို ၁ ဦးနှင့် နိုဝင်ဘာလ ၁၇ ရက်နေ့ နံနက်ပိုင်းတွင် မြိုင်မြို့နယ်အနောက်ပိုင်းမှ အသက် ၆၁ နှစ်အရွယ် အဖွားအို ၁ ဦး အအေးမိ၍ သေဆုံးခဲ့ကြောင်း သိရှိရသည်။

ဓာတ်ပုံ – စစ်ကိုင်းတိုင်းအတွင်းရှိ ကျေးရွာတစ်ရွာကို စစ်တပ်က ညအချိန် မီးရှို့နေစဉ် (ပုံအဟောင်းဖြစ်သည်)

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article