ရန်ကုန်၊ နိုဝင်ဘာ ၂၄
မန္တလေး၊ မြင်းခြံ၊ ကန့်ဘလူမြို့တို့တွင် လူငယ် ၃၀ ထက်မနည်း ပေါ်တာဆွဲ ဖမ်းဆီးခံရပြီး စစ်မှုထမ်းသင်တန်းကျောင်းအပို့ခံရလိုက်ရကြောင်း၊ ယင်းနောက် ဖမ်းဆီးခံလူငယ်များကို ပြန်လွှတ်ပေးမည်ဟုဆိုကာ စစ်တပ်က ငွေလိမ်တောင်းမှုများလည်း အကြီးအကျယ်ဖြစ်ပေါ်နေကြောင်း ဖမ်းဆီးခံလူငယ်များ၏ မိသားစုဝင်များနှင့် ဒေသသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
နိုဝင်ဘာလ ၁၉ ရက်နေ့ ည ၈နာရီခန့်အချိန် မန္တလေးတိုင်း၊ မန္တလေးမြို့၊ တံတားဦး လမ်းဆုံတွင် အလုပ်မှ ပြန်လာသည့် လူငယ် ၄ ဦးကို အကြမ်းဖက် စစ်တပ်က ပေါ်တာဆွဲဖမ်းဆီးခဲ့ကြောင်း၊ စစ်မှုထမ်းအဖြစ် ပေါ်တာဆွဲ ဖမ်းဆီးခံရသည့် လူငယ် ၄ ဦးမှာ အသက် ၂၀နှစ်ဝန်း ကျင်ခန့်ရှိပြီး မိသားစုများနှင့် ဖမ်းဆီးခံလူငယ်များ အဆက်အသွယ်ပြတ်တောက်နေကြောင်း ဒေသသတင်းရင်းမြစ် Voice Of Mandalay မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။
“စစ်ခွေး ဖမ်းဆီးသွားတဲ့ လူငယ် ၄ ဦးကို စစ်ခွေးတွေက မှန်လုံးကားအဖြူနဲ့ဖမ်းသွားတယ်ပြောတယ်။ စစ်ခွေးတွေ ဖမ်းဆီးသွားတဲ့ လူငယ်တွေ အသက်တွေက ၂၀ ကျော်ကျော်လေးတွေပဲ”ဟု Voice Of Mandalay မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။
ထို့အတူ မန္တလေးတိုင်း၊ မြင်းခြံမြို့ပေါ်ရှိ ရပ်ကွက်များတွင်လည်း စစ်တပ်က ၂ ရက်ဆက်တိုက် လူငယ် ၆ ဦးကို ပေါ်တာဆွဲဖမ်းဆီးခဲ့ကြောင်း ၊နိုဝင်ဘာလ ၁၀ ရက်နေ့နှင့် ၁၁ ရက်နေ့တို့တွင် မြင်းခြံမြို့ပေါ်ရှိ ရပ်ကွက်ထဲကို ဝင်ရောက်ပြီး လူငယ် ၆ ဦးကို အကြမ်းဖက်စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီးခဲ့ကြောင်းသိရှိရသည်။
“စစ်ခွေးတွေက ဝင်ရောက်ပြီး ပေါ်တာဆွဲဖမ်းဆီးသွားတာ ၂ ရက်ဆက်တိုက်မှာ ရပ်ကွက်ထဲက လူငယ် ၆ ဦးလောက် ပါသွားတယ်။ “ဟု ဒေသသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။
အလားတူ စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်ရှိ အကြမ်းဖက်စစ်ကောင်စီအထိုင်စခန်းများတွင် ပေါ်တာဆွဲဖမ်းဆီးခံရသည့် လူငယ်များ၏ မိသားစုဝင်များထံသို့ အကြမ်းဖက် စစ်သားများနှင့် ပျူစောထီးခေါင်းဆောင်အချို့က လွှတ်ပေးမည်ဟုပြော၍ ငွေလိမ်လည်တောင်းခံနေကြောင်း ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ -ကန့်ဘလူခရိုင်မှ တာဝန်ရှိသူက ရန်ကုန် ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
နိုဝင်ဘာလ ၁၃ ရက်နေ့ ပေါ်တာဆွဲ ဖမ်းဆီးခံရရာမှ ထွက်ပြေးလွတ်မြောက်လာသည့် လူငယ်၏ မိသားစုဝင်ထံသို့လည်း အကြမ်းဖက်စစ်သားများက ဆက်သွယ်၍ ငွေကြေးတောင်းခံခဲ့၍ မိသားစုဝင်များက ငွေ ၅ သိန်းပို့ခဲ့သော်လည်း ပြန်လွှတ်ပေးခဲ့ခြင်း မရှိဘဲ ကိုယ်တိုင် ထွက်ပြေးခဲ့ကြောင်း သိရှိရသည်။
ထို့ပြင် ကျွန်းလှမြို့အဝင် အချုပ်ခန်းတွင် ဖမ်းဆီးခံရရာမှ ထွက်ပြေးလွတ်မြောက်လာသည့် လူငယ်၏ မိသားစုဝင်များထံမှလည်း ငွေကြေးလိမ်လည်တောင်းခံ၍ မိသားစုက ငွေ သိန်း ၃၀ နီးပါး စစ်တပ်နှင့်ပျူစောထီးထံသို့ လွှဲပေးခဲ့ရကြောင်း ထွက်ပြေးလွတ်မြောက်လာသော လူငယ် တစ်ဦးက ပြောဆိုသည်။
“ရှေ့တန်းမလိုက်ရဘူး။ ရွှေဘိုအချုပ်ထောင်မှာရှိတယ်၊ လွတ်စေချင်ရင် ငွေလွှဲဆိုလို့ လွှဲပေးရတာ။ စုစုပေါင် သိန်း ၃၀ ရှိပါတယ်။ ကျနော်တို့ကို ဖမ်းထားတာ သူတို့ပဲရှိတာ။ မှတ်ပုံတင်နဲ့ ဖုန်းကအစ သူတို့သိမ်းထားတာဆိုတာ့ မိသားစုဖုန်းနံပါတ်တွေယူပြီး ဆက်သွယ်ငွေညစ်တာတွေကို အစီစဉ်တကျလုပ်တာလို့ ထင်တာပဲ။ ကျနော်တို့လည်း အိမ်က လှမ်းပြောလို့သာ သိရတာ။ မလွတ်တဲ့သူတွေရဲ့ မိသားစုဝင်တိုင်းလည်း ကျနော်တို့ မိသားစုတွေလို ငွေညစ်ခံရမှာသေချာတယ်။မိသားစုဝင် တွေကတော့ ဖွတ်မရ ဓားမအဆုံး၊မိအေးနှစ်ခါနာ ဖြစ်တာပါ့ဗျာ ” ဟု ပေါ်တာဆွဲဖမ်းဆီးခံရပြီး ကျွန်းလှမြို့အဝင် အချုပ်ခန်းမှ ထွက်ပြေးလွတ်မြောက်လာသည့် လူငယ်က ပြောဆိုသည်။
အကြမ်းဖက်စစ်တပ်သည် ကန့်ဘလူနယ်အတွင်း ရွှေဘို မြစ်ကြီးနားဗျူဟာလမ်းကြောရှိ ဖြတ်သန်းသွားသူမှန်သမျှကို ပေါ်တာဆွဲဖမ်းဆီးနေခြင်း ဖြစ်ပြီး ဖမ်းဆီးခံရသူများ၏ ဖုန်းများမှ တစ်ဆင့် မိသားစုဝင်များထံ ဆက်သွယ် ငွေညှစ်နေခြင်း ဖြစ်သည်။
ထို့ကြောင့် ပြည်သူများအနေဖြင့် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ပျူစောထီးများအလိုကျ တောင်းခံလာသည့် ငွေကြေးများကို ယုံကြည်ကိုးစား၍ လွှဲမပေးမိကြရန်လည်း ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ -ကန့်ဘလူခရိုင်က တိုက်တွန်းထားသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar




