စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ မြောက်ချွန်းရွာအနီးရှိ ရွှေမျောကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ထပ်မံ ဗုံးကျဲတိုက်ခိုက်ခြင်းကြောင့် ထိခိုက်သေဆုံးသူ များပြားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ နိုဝင်ဘာလ ၂၅ ရက်နေ့ နံနက် ၉ နာရီကျော်ခန့်တွင် မင်းကင်းမြို့နယ်၊ မြောက်ချွန်းရွာအနီးရှိ ရွှေမျောကို အကြမ်းဖက် စစ်တပ်၏ တံတားဦးလေတပ်မှ တက်လာသော A-5 Bomber ဂျက်ဖိုက်တာက ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှုအတွင်း ပြည်သူများ ထိခိုက်သေဆုံးသူများပြားပြီး ထိခိုက်မှုအရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း၊ လက်ရှိချိန်တွင် ပြည်သူများသည် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။
“အသေအပျောက်တွေ များမယ်။ လေယာဉ်နဲ့ သုံးပတ်ဝဲပြီး ပတ်ပစ်သွားတာ ရွာဘက်လည်း ပစ်သွားသေးတယ်။ အဲရွာကတော့ အထိခိုက်မရှိဘူး။ အိမ် ၁ လုံးပဲ ပျက်စီးတယ်။ မပေါက်သေးတဲ့ ဗုံးသီးလည်း ရှိသေးတယ်။ အဓိက သူတို့တိုက်ခိုက်သွားတာက မြောက်ချွန်းရွာ ရွှေမျောနေရာကို တိုက်သွားတယ်။ အသေအပျောက်ကတော့များနိုင်တယ်။ ဘယ်သူမှတော့ အနားမကပ်ရဲကြသေးဘူး” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
အလားတူ နိုဝင်ဘာလ ၂၂ ရက်နေ့ကလည်း အကြမ်းဖက် စစ်တပ်က မင်းကင်းမြို့နယ်၊ လောင်းပြည့်ရွာရွှေမှော်ကို တံတားဦး လေတပ်မှ တက်လာသော K-8W လေယာဉ် ၁ စီးနှင့် Gyrocopter ၃ စီးက ၈ ကြိမ်ထက်မနည်း ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ ဗုံးကျဲ တိုက်ခိုက်မှုအတွင်း ရွှေမှော်တွင် လုပ်ကိုင်နေသော ပြည်သူ ၂ ဦး သေဆုံးပြီး ၁၀ ဦးကျော် ထိခိုက်ဒဏ်ရာရရှိကာ ပျောက်ဆုံးသူများလည်းရှိကြောင်း၊ ထို့ပြင် ဖလက် ၁ စီးနှင့် မျောဖောင် ၁ စီးလည်း မီးလောင် နစ်မြုပ်ခဲ့ကြောင်း သိရှိရသည်။




