မကွေးတိုင်း၊ ပေါက်မြို့နယ်တွင် စစ်တပ် စစ်ကြောင်းက ကျောက်မဲတောင်ရွာကို မီးရှို့ဖျက်ဆီးမှု နေအိမ် ၁၅ လုံးပြာကျပြီး ကျေးရွာ ၁၁ ရွာမှ ပြည်သူ ၄၀၀၀ ကျော် ဘေးလွတ်ရာ ထွက်ပြေးနေရကြောင်း ပေါက်မြို့နယ် လူသားစာနာဌာန ထုတ်ပြန်ချက်နှင့် ဒေသပြည်သူများ က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
နိုဝင်ဘာလ ၂၄ ရက်နေ့တွင် ပေါက်မြို့နယ် အနောက်တောင်ဘက် ဇုန်-၁ နယ်မြေရှိ ကျောက်မဲတောင်ကျေးရွာကို စစ်တပ်၏ ကပစ ၂၄ လက်နက်စက်ရုံမှ ထွတ်လာသော အင်အား ၂၅၀ ကျော်ပါ စစ်ကြောင်းသည် ကျောက်မဲတောင်ကျေးရွာကို ဝင်ရောက် စီးနင်းပြီး နေအိမ် ၁၅ လုံး မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။
ထိုသို့ အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုး မီးရှို့မှုကြောင့် လက်ရှိချိန်တွင် ကျောက်မဲတောင်ကျေးရွာမှ ပြည်သူများ အပါအဝင် ကျေးရွာ ၁၁ ရွာမှ ပြည်သူ ၄၀၀၀ ကျော်သည် ဆောမြို့နယ်နှင့် ထီးလင်းမြို့နယ်များတွင် ၄ လကျော်ကြာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း၊ လက်ရှိချိန်တွင် စစ်ဘေးရှောင်များအတွက် ယာယီတဲများ၊ စားနပ်ရိက္ခာ၊ စောင်နှင့် ခြင်ထောင်များ လိုအပ်လျှက်ရှိကြောင်း သိရှိရသည်။
“ပေါက်မြို့နယ် ကပစ ၂၄ က ထွက်လာတဲ့ စစ်ခွေးတွေက ကျောက်မဲတောင်ရွာကို ဝင်ရောက် စီးနင်းပြီး နေအိမ်တွေကို မီးရှို့သွားတာ ကျနော်တို့ သိရတာတော့ နေအိမ် ၁၅ လုံးကျော်ပြာကျသွားတယ်။ ပြည်သူတွေလည်း ထွက်ပြေးတိမ်းရှောင်နေရတာ ရွာလုံးကျွတ်ပဲ လူဦးရေး ၄၀၀၀ ကျော်တယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
အလားတူ နိုဝင်ဘာလ ၁၆ ရက်နေ့ကလည်း ပေါက်မြို့နယ်မြောက်ပိုင်းရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က စစ်ကြောင်း ၄ ကြောင်းခွဲပြီး စစ်ကြောင်းထိုးနေ၍ ကျေးရွာ ၄၂ ရွာမှ ပြည်သူ ၃၅၀၀၀ ခန့်သည်လည်း နီးစပ်ရာ တောတောင်များအတွင်း စစ်ဘေးတိမ်းရှောင်နေရကြောင်း၊ ထို စစ်တပ်စစ်ကြောင်းက နိုဝင်ဘာလ ၁၉ ရက်နေ့တွင် တယ်ပင်ရွာမှ ပြည်သူပိုင် နေအိမ် ၆ လုံး ၊ ကားဂိုဒေါင်နှင့် စျေးဆိုင်ခန်းများကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ နိုဝင်ဘာလ ၁၈ ရက်နေ့ကလည်း ကျောက္ကာရွာမှ ကာလရှည် စစ်ဘေးရှောင်များ နေထိုင်သော တဲအလုံး ၃၀ ကို မီးရှို့ဖျက်ဆီးသွားကြောင်း သိရှိရသည်။
အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းများသည် စစ်ကြောင်းထိုးလာချိန်မှ စ၍ လက်ရှိအချိန်ထိ လမ်းပြအဖြစ် ဖမ်းဆီးလာသော ပြည်သူ ၂ ဦး အပါအဝင် ကျေးရွာများအတွင်းမှ ပြည်သူ ၈ ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့ပြီး ပြည်သူ ၂၀ ကျော်ကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။






