ရန်ကုန်၊ နိုဝင်ဘာ ၂၇
အမေရိကန် အောက်လွှတ်တော် နိုင်ငံခြားရေးရာ ကော်မတီ ဥက္ကဋ္ဌနှင့် လွှတ်တော်အမတ်များဖြစ်ကြသည့် Brian Mast နှင့် Gregory W. Meeks၊ အထက်လွှတ်တော် နိုင်ငံခြားဆက်ဆံရေး ကော်မတီ ဥက္ကဋ္ဌနှင့် အထက်လွှတ်တော်အမတ်များဖြစ်ကြသည့် James E. Risch နှင့် Jeanne Shaheen တို့က တရုတ်နိုင်ငံ၏ ထောက်ပံ့မှုဖြင့် မြန်မာစစ်တပ်က ကျင်းပရန် စီစဉ်နေသည့် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ကျင်းပမည့် ရွေးကောက်ပွဲများမှာ လွတ်လပ်ပြီး တရားမျှတမှု ရှိမည်မဟုတ်ကြောင်း ထုတ်ပြန်ကြေညာသည်။
နိုဝင်ဘာလ ၁၉ ရက်နေ့တွင် အောက်လွှတ်တော် နိုင်ငံခြားရေးရာ ကော်မတီက ကျင်းပခဲ့သည့် ကြားနာပွဲတွင် သက်သေများအားလုံးက စစ်တပ်၏ ရွေးကောက်ပွဲမှာ အခြေခံအားနည်းချက်များရှိနေပြီး လက်ရှိ အခြေအနေများအရ ယင်းရွေးကောက်ပွဲမှာ လွတ်လပ်ပြီး တရားမျှတမည်မဟုတ်ကြောင်း တညီတညွတ်တည်း ဆုံးဖြတ်ခဲ့ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။
“မြန်မာနိုင်ငံတွင် လာမည့်ဒီဇင်ဘာလ၌ စီစဉ်ထားသည့် ရွေးကောက်ပွဲများသည် ဟန်ပြရွေးကောက်ပွဲများသာ ဖြစ်ကြောင်း သက်သေပြနေကြောင်း၊ နိုင်ငံတကာအသိုက်အဝန်းကို လှည့်ဖြားရန် စစ်အာဏာရှင်အဖွဲ့က စီစဉ်ပြုလုပ်ခြင်းဖြစ်ပြီး၊ ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုနှင့် မြန်မာပြည်သူများအပေါ် လက်ရှိကျူးလွန်နေသည့် အကြမ်းဖက်မှုများအပြီးတွင် တရုတ်ကျောထောက်နောက်ခံပြု စစ်ကောင်စီအတွက် တရားဝင်မှု ဖန်တီးပေးရန် ရည်ရွယ်ထားခြင်း ဖြစ်ကြောင်း အာဏာသိမ်းပြီး ငါးနှစ်နီးပါးအကြာတွင် စစ်ကောင်စီသည် တရုတ်နှင့် ရုရှားတို့ထံမှ နိုင်ငံရေးနှင့် စစ်ရေးအရ ပံ့ပိုးမှုများ တိုးမြှင့်ရရှိနေသော်လည်း နယ်မြေထိန်းချုပ်ရန် ရုန်းကန်နေရဆဲ ဖြစ်ကြောင်း လွှတ်တော်အမတ်များ၏ ကြေညာချက်က ဆိုသည်။
ကမ္ဘာတစ်ဝန်း ဒီမိုကရေစီနှင့် နိုင်ငံတကာမှ အသိအမှတ်ပြုထားသော လူ့အခွင့်အရေးများအပေါ် အမေရိကန်ပြည်ထောင်စု၏ ကတိကဝတ်နှင့်အညီ သမ္မတ ထရမ့်အစိုးရအဖွဲ့အနေဖြင့် ချို့ယွင်းမှုများရှိနေသော ရွေးကောက်ပွဲနှင့် မြန်မာပြည်သူများ၏ လွတ်လပ်စွာနှင့် တရားမျှတစွာရွေးချယ်ခွင့်ကို ငြင်းပယ်မည့် မည်သည့် ရွေးကောက်ပွဲရလဒ်ကိုမဆို ဆန့်ကျင်ပြောဆိုကြရန် လွှတ်တော်အမတ်များက တိုက်တွန်းသည်။
“အသက်အန္တရာယ်၊ အကျဉ်းချခံရမှုနှင့် ညှဉ်းပန်းနှိပ်စက်မှုတို့၏ ကြီးမားသောအန္တရာယ်များကြားမှ မြန်မာပြည်သူများသည် စစ်အာဏာရှင်အဖွဲ့၏ အာဏာရှင်အုပ်ချုပ်မှုကို ရဲရင့်စွာ ခုခံတွန်းလှန်ခဲ့ကြပြီး နိုင်ငံအပေါ် အာဏာစွဲကိုင်မှုကို တားဆီးနိုင်ခဲ့ကြောင်း၊ ၂၀၂၃ ခုနှစ်တွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အပါအဝင် နိုင်ငံရေးပါတီ အများအပြားကို စစ်ကောင်စီက ဖျက်သိမ်းခဲ့ခြင်း၊ ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲတွင် တရားဝင် ရွေးကောက်တင်မြှောက်ခံခဲ့ရသည့် လွှတ်တော်အမတ်များစွာကို ဆက်လက် အကျဉ်းချထားခြင်း၊ နှိပ်စက်ညှဉ်းပန်းခြင်း သို့မဟုတ် ပြည်ပသို့ နယ်နှင်ဒဏ်ပေးထားခြင်းတို့က လာမည့် မဲပေးမှုသည် လွတ်လပ်မှု သို့မဟုတ် တရားမျှတမှု မရှိနိုင်သည့် အန္တရာယ်ရှိကြောင်း ရှင်းရှင်းလင်းလင်း ဖော်ပြနေကြောင်း၊ ထို့ကြောင့် အမေရိကန်ပြည်ထောင်စုက စစ်တပ်၏ ရွေးကောက်ပွဲ ပြက်လုံးကို ပြတ်ပြတ်သားသား ပယ်ချရမည် ဖြစ်ကြောင်း တောင်းဆိုထားသည်။
အမေရိကန်အစိုးရကမူ မြန်မာနိုင်ငံတွင် အခြေအနေများ တိုးတက်လာပြီဖြစ်၍ မြန်မာနိုင်ငံသားများအတွက် ပေးအပ်ထားသော ယာယီခိုလှုံခွင့် TPS ကို ဖျက်သိမ်းကြောင်း နိုဝင်ဘာလ ၂၅ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။
“အမေရိကန်အစိုးရ DHS လို့ အမိမြေလုံခြုံရေးဝန်ကြီးဌာနက ထုတ်တဲ့ မြန်မာ့အရေး တိုးတက်မှုတွေ ရှိနေပြီဆိုတာ ဘယ်လို အခြေအနေအပေါ်မှာ သုံးသပ်တာလဲ။ အချက်အလက်တွေမှားနေတယ်။ ကျနော်တို့အနေနဲ့ ဒါကို ထောက်ပြဖို့ရှိပါတယ်” ဟု အမေရိကန်အခြေစိုက် Burma Research Institute (BRI)မှ Zo Tum Hmung က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ သုံး သပ်ပြောဆိုသည်။
လက်ရှိ အမေရိကန်အစိုးရနှင့် အမေရိကန်လွှတ်တော်နှစ်ရပ်အကြား စစ်တပ်၏ ရွေးကောက်ပွဲနှင့်ပတ်သက်၍ သဘောထားကွဲလွဲမှုများ ဖြစ်ပေါ်နေသည်ကို မြင်ရကြောင်း အမေရိကန်ရောက် မြန်မာ့အရေးကျွမ်းကျင်သူများက သုံးသပ်ပြောဆိုကြသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar







