25 C
Yangon

ပေါင်းတလည်မြို့ လမ်းဆုံတွင် ကြံ့ဖွတ်ပါတီ မဲဆွယ်ဆိုင်းဘုတ် လေတိုက်၍ လဲကျသွားမှုကို ဟားတိုက်ရယ်မောသည့် ပြည်သူ ၁ ဦးကို ရွေးကောက်ပွဲနှောင့်ယှက်မှုဖြင့် ဖမ်းဆီး

Must read

ရန်ကုန်၊ နိုဝင်ဘာ ၂၇

ပဲခူးတိုင်း၊ ပေါင်းတလည်မြို့ လမ်းဆုံတွင် ကြံ့ဖွတ်ပါတီ မဲဆွယ်ဆိုင်းဘုတ် လေတိုက်၍ လဲကျသွားမှုကို ဟားတိုက်ရယ်မောခဲ့သည့် ပြည်သူ ၁ ဦးကို ရွေးကောက်ပွဲနှောင့်ယှက်မှုဖြင့် ဖမ်းဆီးလိုက်ကြောင်း မြို့နေ ပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ နိုဝင်ဘာလ ၂၇ ရက်နေ့ နံနက် ၁၀ နာရီအချိန် ပေါင်းတလည်မြို့ လမ်းဆုံတွင် ကြံ့ဖွတ်ပါတီမှ လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ မဲဆွယ်ဆိုင်းဘုတ်မှာ လေတိုက်၍ လဲကျသွားခဲ့ကြောင်း၊ ထိုသို့ လဲကျသွားမှုကို ပေါင်းတလည်မြို့ပေါ်မှ ပျူစောထီးခေါင်းဆောင် ဝင်းဇော်က လာရောက်ကြည့်ရှုပြီး အနီးအနားမှ ပြည်သူများကို “ဘယ်သူ တွန်းလှဲသနည်း” ဟု လိုက်လံမေးမြန်းကြောင်း၊ အနီးအနားမှ ပြည်သူတချို့ကလည်း လေတိုက်၍ လဲသွားကြောင်း ရှင်းပြကြကြောင်း၊ ထိုအချိန် လမ်းဖြတ်သွားသော ဦးအုန်းမြင့်က ဆိုင်းဘုတ်မလဲစေလိုပါက လက်ဖြင့် ကိုင်ထားသင့်သည်ဟု စနောက်ပြီး ဟားတိုက် ရယ်မောခဲ့ကြောင်း၊ ပျူစောထီးခေါင်းဆောင် ဝင်းဇော်က ရဲကို ဖုန်းဆက်ခေါ်၍ ဆိုင်းဘုတ်လဲမှု အပေါ် စနောက်ဟားတိုက်ရယ်မောသည့် ဦးအုန်းမြင့်ကို ဖမ်းဆီးခိုင်းခဲ့ကြောင်း သိရှိရသည်။

“ပေါင်းတလည်မြို့မှာ ဘယ်သူမှ အုပ်ချုပ်ရေးမှူးလုပ်မယ့်သူမရှိလို့ ပျူစောထီးခေါင်းဆောင် ဝင်းဇော်က အုပ်ချုပ်ရေးမှူး တက်လုပ်နေတာ။ ကြံ့ခိုင်ရေးဆိုင်းဘုတ် လေတိုက်လို့ လဲတာကို ဘယ်သူလုပ်လဲ ဆိုပြီး လိုက်မေးတယ်။ လေတိုက်လို့ လဲတာလို့ သိရပေမယ့် သူနဲ့ လူချင်းရင်းနှီးတဲ့ ဦးအုံးမြင့် က “ဆိုင်းဘုတ် မလဲကျစေချင်ရင် လက်နဲ့ကိုင်ထားပေါ့ကွာ” ဆိုပြီး လူချင်းသိတော့ စတာ။ အဲဒါကို ဝင်းဇော်က ဦးအုံးမြင့်ကို ခင်ဗျားဘာပြောတာလဲ။ ဘာဖြစ်ချင်တာလဲဆိုပြီး ပေါင်းတလည်ရဲစခန်းကို ဖုန်းဆက်ပြီး ဦးအုန်းမြင့်ကို ဖမ်းခိုင်းတာ။ အခုတော့ ဦးအုန်းမြင့်ကို ဖမ်းသွားပြီ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ယနေ့ညနေပိုင်း လေတိုက်၍ လဲကျသွားသော ကြံ့ဖွတ်ပါတီ၏ မဲဆွယ်ဆိုင်းဘုတ်ကို ပျူစောထီးခေါင်းဆောင် ဝင်းဇော်က ပြန်လည် စိုက်ထူပြီးနောက် ပျူစောထီးနှင့် ရဲတချို့ ကို အစောင့်ချထားကြောင်း သိရှိရသည်။

ပျူစောထီးခေါင်းဆောင် ဝင်းဇော်မှာ ရဲတပ်ဖွဲ့မှ တာဝန်ထမ်းဆောင်ရင်း အလုပ်ထုတ်ခံထားရသော ရဲတပ်သားဟောင်းတစ်ဦးဖြစ်ပြီး ပေါင်းတလည်မြို့ပေါ်တွင် ကုန်ကားများကို ငွေညှစ် ဖမ်းဆီးခြင်း၊ လူငယ်များကို စစ်မှုထမ်းအဖြစ် ပေါ်တာဆွဲ ဖမ်းဆီးခြင်း၊ ငွေညှစ်ခြင်းများ အမြဲ လုပ်ဆောင်နေသူဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ- ရန်ကုန်တွင် စိုက်ထူထားသော ကြံ့ဖွတ်ပါတီမဲဆွယ် ဆိုင်းဘုတ်တစ်ခု။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article