မကွေးတိုင်း၊ မြိုင်နှင့် ပေါက်မြို့နယ် အတွင်း စစ်ကြောင်းထိုးနေသော အကြမ်းဖက် စစ်တပ်ကို လိုက်လံ တိုက်ခိုက်ရာ စစ်သား ၆ ဦးသေဆုံးခဲ့ကြောင်း အညာမြေတပ်ပေါင်းစုမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
နိုဝင်ဘာလ ၁၂ ရက်နေ့ နံနက် ၉ နာရီခန့်တွင် မြိုင်မြို့နယ် စက်မှု ၂ မှ အင်အား ၁၅၀ ခန့်ဖြင့် စတင် ထွက်ခွာလာသော အကြမ်းဖက် စစ်သားများကို ဝက်ပုတ်ရွာ အရှေ့ဘက်၌ အညာမြေတပ်ပေါင်းစုနှင့် ပူးပေါင်းအဖွဲ့များက တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ထိုထိတွေ့ တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သား ၂ ဦး ပွဲချင်းပြီး သေဆုံးခဲ့ပြီး စစ်သား ၄ ဦးသည် မြိုင် စက်မှု ၂ အရောက်တွင် ထပ်မံသေဆုံးခဲ့ကြောင်း၊ ထို့ပြင် စစ်သားနှင့် ပျူစောထီး ၁၀ ဦးလည်း ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
ယင်း အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ဝက်ပုတ်ရွာမှ နေအိမ် ၂ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ထို့ပြင် နိုဝင်ဘာလ ၁၁ ရက်နေ့က ရွာတန်းရှည်ရွာမှ ဖမ်းဆီးလာသော ပြည်သူ ၂ ဦးကိုလည်း စစ်သားများကို သတ်ဖြတ်ခဲ့ပြီး မြိုင် စက်မှု ၂ သို့ ပြန်လည်ဆုတ်ခွာသွားကြောင်း သိရသည်။
အဆိုပါ တိုက်ပွဲအတွင်း တော်လှန်ရေး ရဲဘော် ၂ ဦးလည်း ကျဆုံးခဲ့ပြီး ရဲဘော် ၃ ဦး မစိုးရိမ်ရ ဒဏ်ရာ ရရှိခဲ့ကြောင်း၊ ထိုတိုက်ခိုက်မှုကို အညာမြေတပ်ပေါင်းစု၊ စင်္ကြာ၊ဝံပုလွေပြောက်ကျား တပ်ဖွဲ့တို့နှင့် အတူ PLC, TYK, မြိုင်(ပကဖ) ပခုက္ကူခရိုင်တပ်ရင်းများ၊ MGY, Earthquake, တိုက်နယ်စုဖွဲ့မှု (၁၊ ၂ ၊ ၃ ) ABSDF , ကိုရေခဲ၊ကိုဗလဦးဆောင်သောလူငယ်ပြောကိကျားတပ်ဖွဲ့၊ PI -pdfနှင့်ဒေသတွင်း တပ်ဖွဲ့များက ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။
ထို့ပြင် နိုဝင်ဘာလ ၂၅ ရက်နေ့တွင် ပေါက်မြို့နယ်နှင့် မြိုင်နယ်အစပ်တွင် ရောက်ရှိနေသော တပ်မ ၉၉ လက်အောက်ခံ ခလရ ၁၄၈ တပ်ရင်း နှင့် ပခုက္ကူတပ်မ ၁၀၁ မှ စစ်သားများ ပူးပေါင်းထားသော အင်အား ၃၀၀ ခန့်ပ် စစ်ကြောင်းသည် မြိုင်စက်မှု ၂ သို့ ပြန်လည်ဆုတ်ခွာလာစဉ် ကျွဲတွင်းရွာ အနောက်ဘက်တွင် ညအိပ်ခဲ့ကြောင်း သိရသည်။
နိုဝင်ဘာလ ၂၆ ရက်နေ့တွင် ကျွဲတွင်းရွာ တောင်ဘက် အတိုင်း မြိုင် စက်မှု ၂ ဘက်သို့ ဦးတည်ထွက်ခွာလာစဉ် ဝက်ပုတ်ရွာနှင့် ဆိပ်သာရွာအကြားတွင် မိုင်းထိမှန်ခဲ့ကြောင်း၊ ပေါက်ကွဲမှု အပြီး အညာမြေတပ်ပေါင်းစုမှ ရဲဘော်များက သွားရောက်ရှင်းလင်းရေး လုပ်ဆောင်စဉ် ခြေထောက် အပြတ် ၁ ခုကို တွေ့ရှိခဲ့ကြောင်း သိရှိရသည်။
ထိုသို့ ရှင်းလင်းရေး လုပ်ဆောင်စဉ်တွင်လည်း အကြမ်းဖက် စစ်တပ်၏ နောက်ကျန် စစ်သားများနှင့် တော်လှန်ရေးတပ်ဖွဲ့များ ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း၊ အဆိုပါ စစ်ကြောင်းသည် ပေါက်မြို့နယ်နှင့် မြိုင်မြို့နယ်ရှိ နေအိမ် ၁၅ လုံးထက်မနည်းကို မီးရှို့ဖျက်ဆီးခဲ့ပြီး ပြည်သူပိုင် ရွှေ ၊ ငွေ နှင့် အဖိုးတန် ပစ္စည်းများကို ယူငင်သွားတာ အိမ်မွေးတိရိစ္ဆာန်များကိုလည်း သတ်ဖြတ် စားသောက်သွားကြောင်း သိရသည်။
“အောက်တိုဘာလ ၂၀ ရက်နေ့ကနေ ဒီနေ့အထိ ပေါက်နဲ့မြို့ အခြမ်းကို ထိုးလာတဲ့ စစ်ကြောင်းကို ကျနော်တို့ ပူးပေါင်းအဖွဲ့တွေက ဝိုင်းဝန်းပြီးတော့ တော်လှန်နေကြပါတယ်။ ထုတ်ပြန်ချက်တွေကတော့ အချိန်နဲ့ တပြေးညီ မထုတ်ပြန်နိုင်တဲ့ မြေပြင်အခြေအနေတွေကြောင့် အခုလိုမျိုးမှာ ထုတ်ပြန်ရတယ်ပေါ့။ တချိန်နဲ့ တပြေးညီ ထုတ်လို့မရလို့ပါ။ ပြည်သူတွေအနေနဲ့ ကျနော်တို့ရဲ့ တိုက်ပွဲတွေကိုလည်း စောင့်ကြည့်ပေးပါ။ ကျနော်တို့ကိုလည်း ပံ့ပိုးပေးကြပါလို့ ပြောချင်ပါတယ်။ အကုန်လုံးလည်း ဘေးရန် ကင်းရှင်းပါစေလို့ ဆုမွန်ကောင်းတောင်းချင်ပါတယ်” ဟု အညာမြေတပ်ပေါင်းစုမှ တာဝန်ရှိသူက ပြောဆိုသည်။
ထို အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ယနေ့ နိုဝင်ဘာလ ၂၇ ရက်နေ့ ညနေ ၄ နာရီခန့်တွင် မြိုင်မြို့နယ် အနောက်တောင်ပိုင်းရှိ သရက်ကန် ပျူစောထီးရွာကို ဝင်ရောက်သွားကြောင်း သိရသည်။





