19 C
Yangon

စစ်အာဏာသိမ်းထားသော မြန်မာနိုင်ငံသို့ ကမ္ဘာ့ဘဏ်က ထောက်ပံ့ငွေနှင့်ချေးငွေများ မပေးရေး No New Burma Funds Act ကို အမေရိကန် အောက်လွှတ်တော်က အတည်ပြု

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၂

စစ်အာဏာသိမ်းထားသော မြန်မာနိုင်ငံသို့ ကမ္ဘာ့ဘဏ်က ထောက်ပံ့ငွေနှင့်ချေးငွေများ မပေးရေး No New Burma Funds Act ကို အမေရိကန် အောက်လွှတ်တော်က အတည်ပြုလိုက်သည်။

ဒီဇင်ဘာလ ၁ ရက်နေ့ အမေရိကန် အောက်လွှတ်တော်က မြန်မာနိုင်ငံသို့ ရန်ပုံငွေအသစ်မပေးရေး ဥပဒေ (H.R. 4423 -No New Burma Funds Act)ကို အတည်ပြုလိုက်ခြင်းဖြစ်ပြီး ထောက်ခံမဲ ၃၈၅ မဲဖြင့် ကန့်ကွက်သူမရှိ အတည်ပြုလိုက်ကြောင်း၊ အဆိုပါ ဥပဒေမူကြမ်းကို လွှတ်တော်အမတ် နီကီမာ ဝီလျံစ် (Representative Nikema Williams) က တင်သွင်းခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

မြန်မာနိုင်ငံသို့ ရန်ပုံငွေအသစ်မပေးရေး ဥပဒေ ဟု အမည်ပေးထားသော အဆိုပါ ဥပဒေမှာ ကမ္ဘာ့ဘဏ် (World Bank)က စစ်အာဏာသိမ်းထားသော မြန်မာနိုင်ငံသို့ ငွေကြေးထောက်ပံ့မှုများကို ရပ်ဆိုင်းထားရန် ရည်ရွယ်ထားကြောင်း၊ အဓိကရည်ရွယ်ချက်မှာ နိုင်ငံတကာပြန်လည်တည်ဆောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဘဏ် (World Bank) မှတစ်ဆင့် မြန်မာနိုင်ငံသို့ ငွေကြေးဆိုင်ရာ ကတိကဝတ်အသစ်များ (new financial commitments) သို့မဟုတ် ငွေကြေးပေးချေမှုအသစ်များတွင် အမေရိကန်ပြည်ထောင်စု ပါဝင်ခြင်းမရှိစေရေး တားဆီးရန်ဖြစ်ကြောင်း၊ ထိုကဲ့သို့ ရန်ပုံငွေရပ်ဆိုင်းမှုမှာ ၂၀၂၁ ခုနှစ်တွင် ဒီမိုကရေစီနည်းကျ ရွေးချယ်တင်မြှောက်ထားသော အစိုးရကို ဖြုတ်ချကာ စစ်တပ်မှ အာဏာသိမ်းခဲ့မှုကို ဒဏ်ခတ်အရေးယူခြင်းဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ ဥပဒေအရ အမေရိကန်ဘဏ္ဍာရေးဝန်ကြီးအနေဖြင့် ကမ္ဘာ့ဘဏ်ရှိ အမေရိကန်အမှုဆောင်ဒါရိုက်တာ (U.S. Executive Director) ကို မြန်မာနိုင်ငံသို့ ရန်ပုံငွေပံ့ပိုးမှု ဆက်လက်တားမြစ်ရန် ညွှန်ကြားခွင့် အပ်နှင်းထားကြောင်း ၊ ယင်းဥပဒေကြောင့် မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာ့ဘဏ်ထံမှ ချေးငွေ သို့မဟုတ် ထောက်ပံ့ငွေများ ရရှိမည်မဟုတ်ကြောင်း၊ ယင်းကဲ့သို့ နိုင်ငံတကာ ရန်ပုံငွေများကို ဆိုင်းငံ့ထားခြင်းဖြင့် စစ်တပ်အနေဖြင့် ဒီမိုကရေစီကို ပြန်လည်ဖော်ဆောင်ရန် ဖိအားပေးခြင်းဖြစ်ပြီး နိုင်ငံတကာဘဏ္ဍာရေးအရင်းအမြစ်များကို မြန်မာစစ်တပ်ထံသို့ မရောက်ရှိစေရန် ရည်ရွယ်ကြောင်း သိရှိရသည်။

အမေရိကန်အောက်လွှတ်တော်အမတ် ယန်းကင် (Rep. Young Kim)က “စစ်တပ်က အာဏာကို တရားမဝင်သိမ်းယူခဲ့သည်မှာ ၅ နှစ်နီးပါး ရှိလာသည်နှင့်အမျှ မြန်မာနိုင်ငံမှာ မငြိမ်မသက်မှုတွေ လွှမ်းမိုးထားပါတယ်။ မြန်မာစစ်အာဏာရှင်ကြောင့် တိုက်ရိုက်ဖြစ်ပွားရတဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းက နိုင်ငံတကာဘဏ္ဍာရေးအဖွဲ့အစည်းများမှ ရန်ပုံငွေများကို တာဝန်ယူစွာ သိမ်းဆည်းထားဖို့ သို့မဟုတ် အကူအညီတွေကို အလိုအပ်ဆုံးသော လူ့အဖွဲ့အစည်းများထံ ပေးပို့ဖို့ စစ်တပ်ကို ယုံကြည်လို့မရပါဘူး” ဟု ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article