အကြမ်းဖက် စစ်တပ်မှ စစ်သား ၈၀ ဝန်းကျင်သေဆုံးခဲ့သော ခင်ဦးတိုက်ပွဲမှ သိမ်းဆည်းရရှိခဲ့သော လက်နက်ခဲယမ်းများကို တော်လှန်ရေးရဲဘော်များထံသို့ ဂုဏ်ပြု ချီးမြှင့်လိုက်ကြောင်း ခင်ဦးမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) မှ တော်လှန်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဒီဇင်ဘာလ ၂ ရက်နေ့ ခင်ဦးမြို့နယ်၊ မြို့နယ် ပကဖက တိုက်ပွဲအတွင်းသိမ်းဆည်းရမိ စစ်လက်နက်များအနက်မှ MA1 သေနတ် ၁၀ လက်နှင့် G3 သေနတ် ၄ လက် အပါအဝင် စုစုပေါင်း သေနတ် ၁၄ လက်ကို တိုက်နယ် ပကဖများနှင့် UG ပကဖများကို အသိအမှတ်ပြု ဂုဏ်ပြု ချီးမြှင့် ပေးအပ်ကြောင်း သိရှိရသည်။
“တိုက်ပွဲမှာရတဲ့ လက်နက်ခဲယမ်းနဲ့ စစ်သုံးပစ္စည်းတွေကို ခွဲဝေပေးတာပါ” ဟု ခင်ဦးမြို့နယ် ပကဖမှ သတင်းရင်းမြစ်က ရှင်းပြသည်။
နိုဝင်ဘာလ ၂၃ ရက်နေ့ မွန်းလွဲ ၁၂ နာရီခန့်တွင် ခင်ဦးမြို့နယ်၊ မုံလှကျေးရွာအတွင်း ၄ ရက်အကြာ ယာယီ တပ်စွဲ အထိုင်ချထားသော အကြမ်း ဖက် စစ်တပ်သည် ပျဥ်ထောင်ပျူစောထီးရွာသို့ အင်အား ၁၈၀ ခန့်ဖြင့် ထွက်လာစဉ် တော်လှန်ရေးတပ်ဖွဲ့များက ကြားဖြတ် တိုက်ခိုက်ခဲ့ပြီး ယင်းတိုက်ပွဲတွင် စစ်တပ် စစ်ကြောင်းတစ်ခုလုံး ပျက်သွားခဲသည်။ ယင်းတိုက်ပွဲအတွင်း စစ်သား ၈၀ ဝန်းကျင်သေဆုံးကာ လက်နက် ၂၉ လက်နှင့်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့သည်။
တော်လှန်ရေးရဲဘော်များထံသို့ စစ်လက်နက်ပစ္စည်းများ ပေးအပ်ပွဲသို့ မြို့နယ် ပကဖ တာဝန်ခံ၊ ပကဖ ဒုတာဝန်ခံ၊ အင်အားစုဖွဲ့ လေ့ကျင့်ရေးတာဝန်ခံ၊ စစ်လက်နက်တာဝန်ခံ၊ ကူကယ်တာဝန်ခံ၊ ဆက်သွယ်ရေးတာဝန်ခံ၊ သတင်းတာဝန်ခံ၊ ပကဖ ဘဏ္ဍာရေး၊ ပကဖ ရုံးအဖွဲ့မှူးနှင့် ပကဖ တပ်စိပ်မှူး တို့မှ အသီးသီး ဂုဏ်ပြု ချီးမြှင့် ပေးအပ်၍၊ တိုက်နယ် ၁၊ ၂၊ ၃ ၊ ၄၊ ၅ ပကဖ ခေါင်းဆောင်၊ ဒုခေါင်းဆောင်နှင့် အဖွဲ့များ၊ UG ပကဖ ခေါင်းဆောင်နှင့် အဖွဲ့များ၊ သက်ဆိုင်ရာ ပကဖ ရဲဘော်များမှ အသီးသီး လက်ခံ ရယူခဲ့ကြကြောင်း သိရှိရသည်။
ခင်ဦးမြို့နယ်အတွင်း တော်လှန်ရေးတပ်များက တိုက်ခိုက်ချေမှုန်းခဲ့သော စစ်တပ်စစ်ကြောင်း မှာ ကန့်ဘလူမြို့နယ်မှ နည်းဗျူဟာ (၃၃၂) ၊ ခမရ(၁၁၁) ၊ ကန့်ဘလူ ပျူစောထီးများဖြင့် စုဖွဲ့ထားခြင်းဖြစ်ပြီး ယင်းစစ်ကြောင်းကို အမှတ် ၂ ရွှေဘိုခရိုင်၊ အမှတ် ၃ တပ်ရင်း၊ ခင်ဦးမြို့နယ် ပကဖ၊ တိုက်နယ် (၁)(၂)(၃)(၄)(၅) ပကဖများ၊ ခင်ဦးမြို့နယ် ပလဖ ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ ခင်ဦးမြို့နယ် တို့က ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar









