မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ ညောင်ဝန်းရွာကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၁ ဦးသေဆုံးပြီး ကလေးငယ် ၁ ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း စဉ့်ကူးမြို့နယ် ပကဖ သတင်းတာဝန်ခံ ကိုသံမဏိ က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဒီဇင်ဘာလ ၂ ရက်နေ့တွင် စဉ့်ကူးမြို့နယ်၊ ညောင်ဝန်းကျေးရွာကို အကြမ်းဖက် စစ်တပ်၏ တံတားဦးလေတပ်မှ တက်လာသော ဂျက်ဖိုက်တာ ၁ စီးက လေကြောင်း တိုက်ခိုက်မှု ၁ ကြိမ် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှုအတွင်း အသက် ၃၅ နှစ်အရွယ် အမျိုးသား ၁ ဦး သေဆုံးခဲ့ပြီး အသက် ၁၀ နှစ်အရွယ် ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာရရှိကာ နေအိမ် ၂ လုံးလည်း ပျက်စီးခဲ့ကြောင်း သိရှိရသည်။
“စဥ့်ကူးမြို့နယ် ညောင်ဝန်းကျေးရွာကို တံတားဦးလေတပ်က တက်လာတဲ့ ဂျက်ဖိုက်တာက လေကြောင်းတိုက်ခိုက်မှု ၁ ကြိမ် ပြုလုပ်သွားတာ အသက် ၃၅ နှစ်အရွယ် အမျိုးသား ၁ ဦး သေဆုံးတယ်။ ၁၀ နှစ်အရွယ် ကလေးငယ် ၁ ဦး အပါဝင်ပြည်သူ ၄ ဦးလည်း ထိခိုက် ဒဏ်ရာရတယ်။ နောက်ပြီး နေအိမ် အဆောက်အဦး ၂လုံးလည်း ပျက်စီးသွားတယ်” ဟု စဉ့်ကူးမြို့နယ် ပကဖ သတင်းတာဝန်ခံ ကိုသံမဏိ က ပြောဆိုသည်။
အလားတူ နိုဝင်ဘာလ ၂၇ ရက်နေ့ကလည်း စဉ့်ကူးမြို့နယ်၌ စစ်ဘေးရှောင် ပြည်သူများနေထိုင်သော ဝါးရုံကုန်းကျေးရွာ ဘုန်းကြီးကျောင်း၊ ပင်လယ်ကြီးရွာ ၊ လျှောက်ပင်ရိုးရွာ နှင့် ပျင်းပင်ရွာ တို့ကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၇ ဦးသေဆုံးခဲ့ကြောင်း၊ ထို့ပြင် နိုဝင်ဘာလ ၇ ရက်နေ့နှင့် ၁၂ ရက်နေ့ကလည်း အကြမ်းဖက် စစ်တပ်က စစ်ဘေးရှောင် ပြည်သူများ နေထိုင်သော စဉ့်ကူးမြို့နယ်၊ မာလဲရွာစာသင်ကျောင်းနှင့် ရွှေပြည်ကျေးရွာ စာသင်ကျောင်း ကို လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းကြောင့် ပြည်သူ ၉ ဦးသေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar









