စစ်တပ်၏ အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်ပြီး စစ်အာဏာရှင် ပြုတ်ကျ ကျဆုံးသည်အထိ စုပေါင်းတော်လှန်ကြရန် တအာင်းပြည်ကောင်စီ-TLCက ယနေ့ ထုတ်ပြန် တိုက်တွန်းလိုက်သည်။
ယနေ့ ကျရောက်သည့် ၂၇၁၇ ပြည့်နှစ် တအာင်းနှစ်သစ်ကူးမင်္ဂလာကြိုဆိုဂုဏ်ပြုသဝဏ်လွှာတွင် တအာင်းပြည်ကောင်စီ-TLC က အထက်ပါအတိုင်း တိုက်တွန်းထားခြင်းဖြစ်သည်။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းချိန်မှစတင်ပြီး ပြည်သူများနေထိုင်ရာ နေရာများကို ရည်ရွယ်ချက်ရှိရှိ စစ်တပ်၏ လေကြောင်းဗုံးကျဲတိုက်ခိုက်နေမှုများ၊ မတရားဖမ်းဆီးချုပ်နှောင်မှုများ၊ စစ်ရာဇဝတ်မှုများ၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများနှင့် နည်းမျိုးစုံ ရက်စက်မှုများ ဒဏ်ကို ပြည်သူများ အလူးအလဲ ခံနေကြရသည့်အပြင် သဘာ၀ဘေး၊ စစ်ဘေးဒုက္ခမျိုးစုံနှင့်ရင်ဆိုင်ကာ လူသားတို့၏ အခြေခံ အခွင့် အရေးများကိုပါ ဆုံးရှုံးနေကြရပြန်ကြောင်း TLC၏ နှစ်သစ်ကူး သဝဏ်လွှာတွင် ဖော်ပြထားသည်။
ပြည်သူလူထုတစ်ရပ်လုံးအနေဖြင့် တိုင်းရင်းသားတော်လှန်ရေးအင်အားစုများ၊ နွေဦးတော်လှန်ရေး အငအားစုများနှင့်အတူ အာဏာရှင်စနစ်ကို သက်ဆိုးရှည်စေမည့် အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်ကြရန်၊ စစ်တပ်ပြုတ်ကျပြီး အာဏာရှင်ဟူသမျှ ကျဆုံးသည်အထိ စည်းလုံးညီညွတ်သည့် စုပေါင်းအားဖြင့် အားသွန်ခွန်စိုက် ဆက်လက် ၀ိုင်းဝန်း တော်လှန်ကြရန် TLC က တိုက်တွန်းသည်။
ယင်းအပြင် ပြည်နယ်အားကောင်းရေးမှ ပြည်ထောင်စုအားကောင်းရေးကို ဦးတည်သည့် အနာဂတ်ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး၊ တိုင်းရင်းသားအားလုံးအတူတကွ ယှဉ်တွဲနေထိုင်ရေးနှင့် တအာင်းလူမျိုးတို့၏ မျှော်မှန်းချက်ဖြစ်သော ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိရေးနှင့် တအာင်းပြည် တည်ဆောက်ရေးကို ကြိုးပမ်းအားထုတ်နိုင်စေရန် TLC က တိုက်တွန်းဆုတောင်းထားသည်။
ရှမ်းပြည်နယ်မြောက်ပိုင်းတွင် မြို့နယများကို သိမ်းပိုက်ထားသော PSLF/TNLA က ယခုနှစ် ဇွန် ၁ ရက်၌ စစ်ဘက်၊ အရပ်ဘက်နှင့် နိုင်ငံရေးပါတီ ကိုယ်စားလှယ်များ အချိုးကျပါဝင်သည့် တအာင်းပြည်ကောင်စီ (TLC) ကိုဖွဲ့စည်းလိုက်ပြီး TLC မှာ TNLA ၏ ထိန်းချုပ်နယ်မြေများတွင် အမြင့်ဆုံးအာဏာပိုင်အဖွဲ့ဖြစ်သည်။




