ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်နှင့် နတ်တလင်းမြို့နယ်ရှိ စာသင်ကျောင်းနှင့် ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် သံဃာတော် ၁ ပါးနှင့် ပြည်သူ ၁ ဦး သေဆုံးခဲ့ကြောင်း ဒေသပြည်သူများနှင့် သာယာဝတီခရိုင် တိုင်းစစ်ဘက်ရေးရာ တာဝန်ခံ ရဲဘော်သစ္စာက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဒီဇင်ဘာလ ၆ ရက်နေ့ မွန်းလွဲ ၃ နာရီ ၂၀ မိနစ်ခန့်တွင် ကြို့ပင်ကောက်မြို့နယ်၊ အေးရွာလေးအောင်ချမ်းသာကျေးရွာ စာသင်ကျောင်းကို အကြမ်းဖက် စစ်တပ်က စက်တပ်လေထီး ၃ စီးဖြင့် ဗုံး ၉ လုံးကျဲချ တိုက်ခိုက်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲတိုက်ခိုက်မှုကြောင့် ကျေးရွာနေပြည်သူ အသက် ၄၅ နှစ်အရွယ် ကိုလင်း ပွဲချင်းပြီး သေဆုံးခဲ့ပြီး ကျောင်းပိတ်ချိန်ဖြစ်သောကြောင့် ကလေးငယ်များ ထိခိုက်မှုမရှိကြောင်း သိရှိရသည်။
“သဲကုန်းမြို့ကနေ တက်လာတဲ့ စက်တပ်လေထီး ၃ စီးက အေးရွာလေးအောင်ချမ်းသာကျေးရွာ စာသင်ကျောင်း ဗုံး ၉ လုံးကျဲချ တိုက်ခိုက်သွားတာပါ။ ကိုလင်း ဆိုတဲ့ ကျေးရွာနေ ပြည်သူ ၁ ဦးသေဆုံးတယ်။ ခေါင်းကိုဗုံးစထိမှန်ပြီး နေရာတင် ပွဲချင်းပြီး သေဆုံးတာပါ။ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့ ကျဲချ တိုက်ခိုက်သွားတာ” ဟု သာယာဝတီခရိုင် တိုင်းစစ်ဘက်ရေးရာ တာဝန်ခံ ရဲဘော်သစ္စာက ပြောဆိုသည်။
အလားတူ ဒီဇင်ဘာလ ၄ ရက်နေ့ကလည်း နတ်တလင်းမြို့နယ်၊ ငုတ်တိုရွာနှင့် ကံစုရွာကို အကြမ်း ဖက် စစ်တပ်က စက်တပ်လေထီးဖြင့် ဗုံး ၁၀ လုံးကျော် ကျဲတိုက်ခိုက်ခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှုအတွင်း ကံစုရွာမှ သံဃာတော် ၁ ပါးပျံလွန်တော်မူခဲ့ပြီး ပြည်သူ ၁ ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
“စစ်ခွေးတွေက တိုက်ပွဲဖြစ်ပွားတာမရှိဘဲနဲ့ ငုတ်တိုရွာနဲ့ ကံစုရွာကို စက်တပ်လေထီးနဲ့ ဗုံးကျဲတိုက်ခိုက်သွားတာ လေကြောင်းတိုက်ခိုက်မှုအတွင်းမှာ ကံစုရွာက သံဃာတော် ၁ ပါး ဗုံးစထိမှန်ပြီး ပျံလွန်တော်မူသွားတယ်လို့ သိရတယ်” ဟု ဒေသပြည်သူတစ်ဦးကပြောဆိုသည်။






