ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်မြို့နယ်၊ မြစ်ဆုံကျေးရွာကို ၂ ရက်ဆက်တိုက် စစ်တပ်က လေ ယာဉ်ဖြင့် ဗုံးကျဲမှု ကိုယ်ဝန်ဆောင် အမျိုး သမီး အပါအစစ်ဘေးရှောင်ပြည်သူ ၁၁ ဦးသေဆုံးသွားကြောင်း ဒေသပြည်သူများနှင့် စစ်ဘေးရှောင်ကူညီနေသော လူမှုကယ်ဆယ်ရေး အဖွဲ့ဝင်တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယမန်နေ့ ဒီဇင်ဘာလ ၆ ရက်နေ့ နံနက် ၉ နာရီ ၅ မိနစ်ဝန်းကျင်အချိန် စစ်တပ်က မိုးမိတ်မြို့နယ်၊ မြစ်ဆုံကျေးရွာထဲသို့ လေယာဉ်ဖြင့် ဗုံးကျဲချခဲ့ကြောင်း၊ အဆိုပါ ဗုံးကျဲမှုကြောင့် စစ်ဘေးရှောင် ပြည်သူများ၊ ကိုယ်ဝန်ဆောင် အမျိုးသမီး ၁ ဦး အပါအဝင် ပြည်သူ ၁၁ ဦး ပွဲချင်းပြီး သေဆုံးသွားကြောင်း သိရှိရသည်။
“မြစ်ဆုံကျေးရွာဆိုတာက စစ်ဘေးရှောင်တွေ ခိုလှုံနေကြတာ။ မိုးကုတ်ဘက်က စစ်ဘေးရှောင်တွေရော မိုးမိတ်က စစ်ဘေးရှောင်တွေရော ခဏ ခိုလှုံနေကြတဲ့နေရာပါ။ အဲဒီနေရာကို လေယာဉ်နဲ့ ဗုံးကျဲချသွားတာ” ဟု စစ်ဘေးရှောင်များကို ကူညီနေသော လူမှုကူညီရေးအဖွဲ့ဝင်တစ်ဦးက ဆို သည်။
ယင်းအပြင် ယနေ့ နံနက်ပိုင်းတွင် မိုးမိတ်မြို့နယ်၊ မြစ်ဆုံကျေးရွာကိုပင် လေ ယာဉ် ၄ စီးဖြင့် တစ် ပြိုင်နက်တည်း ထပ်မံ ဗုံးကျဲသွားခဲ့ကြောင်း ၊ လတ်တ လော ထိခိုက်သေဆုံးမှု အခြေအနေ မသိရှိရသေးကြောင်း ဒေသပြည်သူများ၏ အဆိုအရ သိရှိရသည်။
“အခုမနက်ကို လေယာဉ် ၄ စီးနဲ့ ဆက်တိုက် တစ်ကြိမ်တည်း ဗုံးတွေ ထပ်ကျဲသွားတာတယ်။ အထိခိုက်တော့မသိရသေးဖူး။ လိုင်းအခက်အခဲဖြစ်နေလို့” ဟု ဒေသပြည်သူက ဆိုသည်။
TNLA က မိုးမိတ်မြို့ကို စစ်တပ်ထံသို့ ပြန်လည် ပေးအပ်လိုက်သော်လည်း လက်ရှိအချိန်အထိ မိုးမိတ်မြို့နယ်တစ်ခုလုံးကို စစ်တပ်က စိုးမိုးမှု မရှိနိုင်သေးသဖြင့် ကျေးရွာများကို လေကြောင်းတိုက် ခိုက်မှုများ ဆက်တိုက် လုပ်ဆောင်နေခြင်းဖြစ်ကြောင်း ဒေသတော်လှန်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။






