မကွေးတိုင်း၊ စလင်းမြို့နယ်၊ စလင်းမြို့မရဲစခန်းမှ ကင်းပတ်ထွက်လာသော စစ်သားနှင့်ရဲများပါဝင်သော စစ်ကြောင်းကို တိုက် ခိုက်ခဲ့ရာ ၂ ဦး သေဆုံးပြီး ခဲယမ်းပစ္စည်းအချို့ သိမ်းဆည်းရရှိခဲ့ကြောင်း စလင်းမြို့နယ်ပြည်သူ့ကာ ကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ယမန်နေ့ ဒီဇင်ဘာလ ၆ ရက် ညနေ ၂ နာရီ ၃၆ မိနစ်အချိန် စလင်းမြို့မ ရဲစခန်းမှ ကားတစ်စီး၊ ဆိုင် ကယ် ၄ စီးဖြင့် စလင်းမြို့အထွက်ရှိ စိမ်းစိုဂိတ်ကင်းစခန်းသို့ ကင်းပတ်ထွက်လာသော စစ်သား၊ ရဲ ၂၀ ဦးခန့်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက စလင်းမြို့မရဲစခန်းနှင့် စိမ်းစိုဂိတ်အကြား မီးရထား ပိုင်း၌ ကြားဖြတ် မိုင်းဆွဲပြီး အပြန်အလှန် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၄၅ မိနစ်ခန့် ကြာမြင့်ခဲ့ကြောင်း သိရသည်။
“မိုင်းနဲ့ထိတဲ့ နှစ်ယောက်ပွဲချင်းပြီး သေတယ်။ တစ်ယောက်က လက်မောင်းပြတ်သွားတာ၊ တဲတဲ လေးပဲကျန်တော့တာ၊ ပေါင်လဲစုတ်ပြတ်သတ်သွားတယ်လို့ သတင်းရထားတယ်၊ နောက်တစ်ယော်ကလည်း မျက်နှာတစ်ခြမ်းစုတ်ပြတ်သတ်ပြီးလည်ပင်းလည်းပေါက်သွားတယ်လို့ သိရပါတယ်၊ ပြီးတော့ တခြားဒဏ်ရာရတဲ့သူတွေလည်း များတယ်လို့ သိရပါတယ်” ဟု စလင်းမြို့နယ်ပြည်သူ့ကာ ကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ထို့သို့ တိုက်ခိုက်မှုအတွင်း စစ်သား ၂ ဦး သေဆုံးပြီး မြင်းတင်ရပ်ကွက်နေ ရဲတပ်သား အောင်ညီညီနှင့် ဖောင်လင်းနယ်ထိန်းရဲ မင်းခန့်တို့ အပြင်းအထန် ထိခိုက်ဒဏ်ရာရရှိကာ ညနေ ၃ နာရီ ၅၆ မိနစ်တွင် စလင်းမြို့ရဲစခန်းသို့ ပြန်လည်ဆုတ်ခွာသွားကြောင်း၊ တိုက်ပွဲအတွင်းအပြင်းအထန် ဒဏ်ရာရရှိသည့် ရဲ ၂ ဦးကို စလင်းမြို့ဆေးရုံတွင် အရေးပေါ်တင်ပို့ကုသထားကြောင်း သိရသည်။
“စစ်ခွေး ၂ကောင်ရယ်၊ ရဲခွေး ၂ကောင်ရယ်၊ စုစုပေါင်း ၄ကောင် ၊ ၄ကောင်စလုံးက စလင်းပြည်သူ့ဆေးရုံမှာ ဆေးကုသခွင့်ခံယူနေတယ်။ ရဲခွေး ၁ကောင်ကကျတော့ ထိခိုက်ဒဏ်ရာက တော်တော် ပြင်းတယ်လို့ ပြောတယ်။ သူတို့ အသက်မှီပါမလား စိုးရိမ်အနေအထားရှိတယ်လို့ သိရတယ်။ စစ်ခွေးဘက် ထိခိုက်သေဆုံးမှုရှိနိုင်တယ်”ဟု ပြည်သူ့ ညီနောင်-စလင်း သတင်းတာဝန်ခံ ကိုပြည်သူက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ထို့အပြင် တိုက်ပွဲအတွင်း စစ်သား၊ ရဲများ အသုံးပြုသော G-3 ကျည်ဘောက် ၂ ဘောက်၊ လက် ပစ်ဗုံး ၂ လုံး ၊ကျည်အတောင့် ၃ဝ ခန့် သိမ်း ဆည်းရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ ရဲဘော်များက လုပ်ဆောင်ခဲ့ခြင်း ဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရ သည်။
ဓာတ်ပုံ- တော်လှန်ရေးတပ်များ၏ တိုက်ခိုက်မှုကြောင့် သေဆုံးသွားသော စစ်ကောင်စီတပ်ဖွဲ့ဝင် တစ်ဦး။ (ပုံအဟောင်းကို အသုံးပြုထားပါသည်။)




