ရန်ကုန်၊ ဒီဇင်ဘာ ၇
ရခိုင်ပြည်နယ်၊ ဂွမြို့နယ် အခြေစိုက် ခမရ ၅၆၃ တပ်ရင်းမှ ဒုတပ်ကြပ် ၁ ဦး အပါအဝင် စစ်မှုထမ်း တပ်သားသစ် ၄ ဦး သေနတ် ၄ လက် ယူဆောင်လာပြီး အလင်းဝင်ကာ တိုက်ပွဲအတွင်း ထွက်ပြေးလာသော စစ်မှုထမ်း တပ်သားသစ် ၃ ဦးကိုလည်း အရှင်ဖမ်းမိခဲ့ကြောင်း People’s Revolution Alliance မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။
အောက်တိုဘာလ ၂၃ ရက်နေ့တွင် အမ်း – ပဒန်းလမ်းပိုင်း ဇင်ပြွန်းကျေးရွာအနီးတွင် တာဝန်ကျနေသော ဂွမြို့နယ် အခြေစိုက် ခမရ ၅၆၃ တပ်ရင်းမှ ဒုတပ်ကြပ် ၁ ဦး အပါအဝင် စစ်မှုထမ်း တပ်သားသစ် ၄ ဦးသည် သေနတ် ၄ လက် ယူဆောင်လာပြီး People’s Revolution Alliance ထံသို့ ဆက်သွယ်ကာ အလင်းဝင်ရောက်လာခဲ့ကြောင်းသိရှိရသည်။
ထိုသို့ အလင်းဝင်ရောက်လာသော ဒုတပ်ကြပ် ၁ ဦး အပါအဝင် စစ်မှုထမ်း တပ်သားသစ် ၄ ဦးသည် MA – 1 သေနတ် ၁ လက်၊ MA- 2 သေနတ် ၁ လက်၊ MA – 3 သေနတ် ၂ လက်နှင့် ခဲယမ်းတချို့ တို့ ယူဆောင်လာခဲ့ကြောင်း သိရသည်။
“ကျွန်တော်တို့ကို ဆက်သွယ်ပြီး ချိတ်ဆက်ဝင်ရောက်လာတာပါ။ သူတို့က စစ်မှုထမ်း တပ်သားအသစ်တွေပါ။ ပညာအရည်အချင်းပေါ်လိုက်ပြီး ဒုတပ်ကြပ်ကိုလည်း ရာထူးပေးထားတာပါ။ သူတို့ ရှေ့တန်းနေရာမှာပဲ ကျွန်တော်တိုနဲ့ ချိတ်ဆက်ပြီး အလင်းဝင်ရောက်ခဲ့တာပါ” ဟု People’s Revolution Alliance မှ တာဝန်ရှိသူကပြောဆိုသည်။
ထို့ပြင် နတ်ရေကန်တောင်နှင့် အမ်း – ပဒန်း လမ်းပိုင်းတိုက်ပွဲများမှလည်း ထွက်ပြေးလာသော အကြမ်းဖက် စစ်သား ၃ ဦးကိုလည်း ငဖဲမြို့နယ်အတွင်းတွင် ဖမ်းဆီးရမိခဲ့ကြောင်း၊ ယင်း စစ်သား ၃ ဦးသည် ခလရ ၂၉၅ တပ်ရင်းနှင့် တပ်မ ၆၆ လက်အောက်ခံ သာယာဝတီအခြေစိုက် ခလရ ၃၅ တပ်ရင်းတို့မှ အတင်းအဓမ္မ ပေါ်တာဆွဲခံရသော စစ်မှုထမ်း တပ်သားသစ်များ ဖြစ်သောကြောင့် စစ်သုံ့ပန်း ဥပဒေနှင့်အညီ ကောင်းမွန်စွာ ထိန်းသိမ်းထားကြောင်း သိရှိရသည်။
လူထုတော်လှန်ရေးမဟာမိတ်အင်အားစု အနေဖြင့် ဖြစ်ပေါ်ပြောင်းလဲလျက်ရှိသော နိုင်ငံရေးအခင်းအကျင်းနှင့် စစ်ရေးပူးပေါင်းဆောင်ရွက်မှုများတွင် စဉ်ဆက်မပြတ်ပါဝင်ဆောင်ရွက်နေပြီး တော်လှန်ရေး၏ တောင်းဆိုမှုနှင့်အညီ စစ်အာဏာရှင်ပြုတ်ကျရေးအတွက် တပ်ပေါင်းစုတည်ဆောက်ရေးတွင် သော်လည်းကောင်း၊ ဒေသန္တရအစိုးရများ၊ ဖက်ဒရယ်ယူနစ်များနှင့် ပူးပေါင်း၍ သော်လည်းကောင်း နွေဦးတော်လှန်ရေးပြီး ဆုံးသည်ထိ တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း People’s Revolution Alliance မှ တာဝန်ရှိသူက ဆက်လက်ပြောဆိုသည်။






