ရန်ကုန်၊ ဇူလိုင် ၅
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် မင်းရွာအနီးတွင် အကြမ်းဖက် စစ်တပ်နှင့် ဒေသခံ ကာကွယ်ရေးများ ဇူလိုင်လ ၂ ရက်နှင့် ၃ ရက်နေ့တို့တွင် တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်မှ အရာရှိ ၁ ဦးနှင့် တပ်သား ၁ ဦးပွဲချင်းပြီးသေဆုံးပြီး အပြင်းအထန် ထိခိုက်ဒဏ်ရာရရှိသူ စစ်သား ၄၀ ကျော်သည် ဆေးရုံသို့ ရောက်ရှိစဥ် သေဆုံးခဲ့ကြောင်း Tiger King ပြောက်ကျား တပ်ဖွဲ့ထံမှ သိရသည်။
ဇူလိုင်လ ၂ ရက်နေ့တွင် ဝက်လက်မြို့နယ် အတွင်း စတင်စစ်ကြောင်း ထိုးလာသော အကြမ်းဖက် စစ်တပ်ကို တပ်ရင်း၁၅ (Tiger King ပျောက်ကြားတပ်ဖွဲ့) ၏ တပ်ခွဲ(၁)က ဝက်လည်ရွဲကျေးရွာ အနောက်ဘက်တွင် မိုင်းစွဲ တိုက်ခိုက်ခဲ့ပြီး စစ်တပ်ဘက်မှ အရာရှိ ၁ ဦးနှင့် တပ်သား ၁ ဦးသေဆုံးပြီး ၃ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်က လက်နက်ကြီး လက်နက်ငယ်များဖြင့် ရမ်းသမ်း ပစ်ခတ်ခဲ့ပြီး ကာကွယ်ရေး တပ်ဖွဲ့များက လက်နက် အင်အား မမျှသောကြောင့် နောက်ဆုတ်ပေးခဲ့ရကြောင်း၊ ဝက်လည်ရွဲကျေးရွာနှင့် လေးကုန်းလေးကျေးရွာကို စစ်တပ်က ဝင်ရောက် စီးနင်း မီးရှို့ဖျက်ဆီးခဲ့ပြီး မင်းရွာကျေး ရွာသို့ ဝင်ရောက်လာကာ ည ၁၂ နာရီခန့်တွင် မင်းရွာကျေးရွာကို စတင်မီးရှို့ ဖျက်ဆီးခဲ့ကြောင်း သိရသည်။
ဇူလိုင်လ ၃ ရက်နေ့ နံနက် ၆ နာရီအချိန်တွင် အကြမ်းဖက် စစ်တပ်က မင်းရွာကျေးရွာကို ထပ်မံမီးရှို့ဖျက်စီးခဲ့ပြီး နံနက် ၈ နာရီ ၃၀ မိနစ်ခန့်တွင် တပ်ရင်၁၅ (Tiger King ပျောက်ကျားတပ်ဖွဲ့)နှင့် မဟာမိတ်တပ်များက ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း၊ မွန်းလွဲ ၁၂ နာရီ အချိန်ခန့်တွင် လက်နက်အင်အား မမျှတမှုကြောင့် နောက်ဆုတ်ပေးခဲ့ရပြီး ရဲဘော် ၁၁ ဦး ကျဆုံးခဲ့ကာ အကြမ်းဖက် စစ်တပ်ဘက်မှလည်း လက်နက်ကြီး ထိမှန်မှုများကြောင့် စစ်သား ၄၀ ကျော် ထိခိုက် ဒဏ်ရာ အပြင်းအထန်ရရှိပြီး ဆေးရုံအရောက်တွင် သေဆုံးခဲ့ကြောင်းသိရသည်။
“တချို့ အဖွဲ့တွေရဲ့ ထုတ်ပြန်ချက်တွေဟာ မြေပြင်အခြေအနေနဲ့ လွဲမှားနေတာတွေရှိတယ်။ လွဲမှားနေတဲ့ သတင်းထုတ်ပြန်ချက်တွေကို ပြန်လည်ချေပထားတဲ့ သဘောမျိုး Tiger King အဖွဲ့က သတင်း ပြန်ထုတ်ပြန်ထားတာပါ။ မင်းရွာတိုက်ပွဲအကြောင်းကို” ဟု တောကြီးမြွေပွေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို တပ်ရင်း ၁၅(Tiger Kingပျောက်ကျားတပ်ဖွဲ့)၊ တပ်ရင်း ၁၅ တပ်ခွဲ ( ၁ ၊ ၂ ၊ ၃)၊ လျှပ်စီး ပျောက်းကျားတပ်ဖွဲ့၊ တပ်ရင်း ၁၇၊ မတ္တရာမြောက် ပကဖ၊ တောကြီးမြွေပွေး၊ တပ်ရင်း ၁၈၊ တပ်ရင်း ၂၊ ဗိုလ်ကျားကြီး၊ GZ Special Task Force၊ တပ်ရင်း ၅၊ ရွာသာကြီး တိုက်နယ် ဆရာစံ၊ ဂုဏ်မာန် ပကဖ၊ ပလိုရိုက် ပကဖ၊ Burmese Dragon Force နှင့် LPDFများက ပူးပေါင်း တိုက်ခိုက် ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ဓာတ်ပုံ- ဝက်လက်ဒေသမှ LPDF များ။