ရန်ကုန်၊ ဇူလိုင် ၅
အိန္ဒိယ-မြန်မာနယ်စပ်၊ စစ်ကိုင်းတိုင်း၊ တမူးမြို့သို့ လာရောက်သည့် အိန္ဒိယနိုင်ငံသား ၂ ဦးကို စစ်ကောင်စီလက်ပါးစေ ပျူစောထီးများက ယနေ့ ဇူလိုင်လ ၅ ရက် နေ့လယ် ၁ နာရီ၌ ပစ်သတ်လိုက်ကြောင်း ဒေသသတင်းရင်းမြစ် Chongthu News တွင် ဖော်ပြသည်။
ပစ်သတ်ခံရသူများမှာ အသက် ၂၈ နှစ်အရွယ် အမျိုးသား ၁ ဦးနှင့် အသက် ၃၅ နှစ်အရွယ် အမျိုးသား ၁ ဦး ဖြစ်ပြီး၊ အဆိုပါ ၂ ဦးမှာ သာမန်အရပ်သားများဖြစ်ကြောင်းနှင့် တမူးရှိ မိတ်ဆွေများထံ လာရောက်လည်ပတ်သူများသာဖြစ်ကြောင်း ဒေသသတင်းရင်းမြစ်က ဆိုသည်။
အဆိုပါ တမီလူမျိုး အိန္ဒိယနိုင်ငံသား ၂ ဦးမှာ ငွေလဲ လုပ်ကိုင်သူများဖြစ်ပြီး ပျူစောထီးများက ပစ်သတ်ကာ ငွေများ လုယူသွားခြင်းဖြစ်နိုင်ကြောင်း တမူးသတင်းရင်းမြစ် ၁ ဦး က ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။
“ငွေလဲတဲ့သူတွေလို့လည်း ပြောကြတယ်၊ တယောက်က သုံးဘီးမောင်းတယ်၊ သူတို့တွေက တမူးနဲ့ မိုရေးကို ပစ္စည်းကယ်ရီပို့တဲ့သူတွေလို့ သိရတယ်။ ကယ်ရီလုပ်တဲ့သူတွေဆိုတော့ ငွေလဲတဲ့အလုပ်လည်း လုပ်နိုင်တာပဲလေ။ အိန္ဒိယစစ်တပ်ကတော့ မိုရေးမှာ အရမ်းစစ်နေတယ်၊ မိုးရေးမှာရှိတဲ့ မြန်မာနိုင်ငံသားတွေကိုတော့ မြန်မြန်ဆိုင်သိမ်းခိုင်းလို့ ခွေးပြေးဝက်ပြေး ပြေးခဲ့ရတယ်” ဟု နယ်စပ်တွင်နေထိုင်သူ ၁ ဦးက ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။
တမူးနှင့် မိုရေးမြို့များသည် နိုင်ငံဖြတ်ကျော် ဈေးရောင်းသူများဖြင့် စည်ကားသည့် နယ်စပ်မြို့များဖြစ်သည်။
“နယ်စပ်ဖြတ်ပြီး အိန္ဒိယဘက်ကို ဈေးရောင်းတဲ့ မိသားစု အနည်းဆုံး ၃၀၀ ကျော်ရှိတယ်။ အခု ပျူစောထီးတွေ သူတို့ကို ပစ်သတ်တာက ရည်ရွယ်ချက်ရှိရှိ border tension create လုပ်တာဟုတ်တယ်။ PDF နဲ့ CDM မိသားစုတွေ အိန္ဒိယဘက် နေဖို့ ခက်ခဲအောင် တမင်လုပ်တာဖြစ်လိမ့်မယ်” ဟု တမူးရှိ အခြားဒေသခံ ၁ ဦးက ပြောဆိုသည်။
အဆိုပါ လူသတ်မှုဖြစ်စဉ်သည် စစ်ကောင်စီလက်ပါးစေ ပျူစောထီးများက နယ်စပ်လုံခြုံရေး တင်းကြပ်ရန် လုပ်ဆောင်ခြင်းဖြစ်နိုင်ကြောင်း ပြောဆိုနေကြပြီး အဆိုပါကိစ္စနှင့် ပတ်သက်၍ သီးခြားအတည်ပြုနိုင်ရန် ရန်ကုန်ခေတ်သစ်က ဆက်လက်စုံစမ်းလျှက်ရှိသည်။