ရန်ကုန်၊ ဇူလိုင် ၅
ထိုင်း-မြန်မာနယ်စပ်၊ မြ၀တီမြို့နယ်၊ စစ်ကောင်စီ၏ ဥကရစ်ထ စခန်းကို အမြန်ဆုံး သိမ်းပိုက်နိုင်ရေး ပြည်သူများ ကူညီကြရန် KNDO မှ ဒုတိယဗိုလ်မှူး ကြီး စလုံးက အကူအညီတောင်းလိုက်ပြီး မြ၀တီ-ဝေါလေ လမ်းတစ်လျှောက်တိုက်ပွဲကြီးများ ဖြစ်လာနိုင်ကြောင်း အသိပေးချက် ထုတ်ပြန်လိုက်သည်။
ထိုင်း-မြန်မာ နယ်စပ်ရှိ အကြမ်းဖက် စစ်တပ် ဥကရစ်ထ တပ်စခန်းကို KNDO ဆင်ဖြူစစ်ကြောင်း အပါအဝင် KNU၊ KNLA၊ KNDO၊ Cobra နှင့် Venom စစ်ကြောင်းများက ဇွန်လ ၂၆ ရက်နေ့မှ စတင်ကာ အပြင်းအထန် တိုက်ခိုက်လျက်ရှိပြီး အကြမ်းဖက် စစ်တပ်ကလည်း တပ်စခန်း မကျဆုံးရေး လေကြောင်း ပစ်ကူများဖြင့်ပါ အပြင်းအထန် ခုခံလျက်ရှိကြောင်း KNDO ဆင်ဖြူစစ်ကြောင်းမှ ထုတ်ပြန်ထားသည်။
အကြမ်းဖက် စစ်တပ် ဥကရစ်ထ တပ်စခန်းသည် ကရင်ပြည်နယ် KNU တပ်မဟာ ၆ ထိန်းချုပ်နယ်မြေ ဝေါလေမြိုင်မြို့နယ် ဥကရစ်ထကျေးရွာတွင်ရှိကြောင်း၊ KNDO အထူးကွန်မန်ဒိုတပ်ရင်း၊ စစ်ကြောင်းမှူး ဗိုလ်မှူးစောဝင်မြင့် ဦးဆောင်သော ဆင်ဖြူ စစ်ကြောင်းနှင့် Venom စစ်ကြောင်း တို့က ဇွန်လ ၂၆ ရက်နေ့ နံနက် ၅ နာရီခန့်တွင် ဥကရစ်ထ စခန်းကို စတင်တိုက်ခိုက်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်က စက်လက်များ၊ ၄၀ မမ များဖြင့် ပစ်ခတ် ခုခံခဲ့ပြီး မွန်လွဲ ၁ နာရီ ၃၀ မိနစ်တွင် တော်လှန်ရေး အင်အားစု ဘက်မှ ရဲဘော်များ ထိခိုက် ကျဆုံးမှု ရှိခဲ့ကြောင်း၊ မွန်းလွဲ ၂ နာရီခန့်တွင် KNDOမှ ဗိုလ်အယ်လ်စေးဝါး အဖွဲ့မှ စစ်ကူ ထပ်မံရောက်ရှိလာပြီး တိုက်ပွဲ ပြင်းထန်လာကာ ဥကရစ်ထ စခန်းမှာ ခုခံမှု ကောင်းသောကြောင့် ညသန်းခေါင်းအချိန်တွင် Cobra စစ်ကြောင်း မှ စစ်ကူ ထပ်မံရောက်ရှိလာကြောင်း သိရသည်။
ဥကရစ်ထ စခန်းကို သိမ်းပိုက်ရန် ကြိုးပမ်းခဲ့သော်လည်း စစ်တပ်ဘက်မှ စစ်ကူများ ထပ်မံရောက်လာပြီး ရဟတ်ယာဥ်များဖြင့် လက်နက်ကျည်ဆံများ လာရောက်ပို့ဆောင်ကာ တိုက်ပွဲ ဆက်လက်ပြင်းထန်ခဲ့ပြီး တော်လှန်ရေး အင်အား စုများဘက်မှ ရဲဘော်များ ထိခိုက်ကျဆုံးမှုနှင့် ဒဏ်ရာရရှိမှုများ တိုးလာခြင်း၊ ကျည်ဆံ မလုံလောက်ခြင်း၊ စစ်ကူလာရောက်သော Cobra စစ်ကြောင်းမှလည်း ကျဆုံး ရဲဘော်များ ရှိလာခြင်းကြောင့် လိုအပ်သော အင်အားများကို နောက်တန်းမှ ထောက်ပို့များဖြင့် ချိတ်ဆက်ပြီး ကြိုးစားလုပ်ဆောင်ခဲ့သည်ဟု သိရသည်။
အကြမ်းဖက် စစ်တပ်၏ ဥကရစ်ထ ခြေကုတ်စခန်းတွင်လည်း အကျအဆုံးများပြားလှပြီး ရဟတ်ယာဥ်များ၊ တိုက်လေယာဥ်များဖြင့် ၁၂၅ ကြိမ် ပစ်ခတ် ဗုံးကြဲ တိုက်ခိုက်ခဲ့ကြောင်း၊ ဇွန်လ ၂၈ ရက်နေ့တွင် လူတစ်ရပ်ခန့်မြင့်သော ဗုံးများ ကြဲချခဲ့ပြီး စစ်တပ်၏ ဝေါလေဗျူဟာကုန်းမှ ၁၂၀ မမ များဖြင့် ပစ်ကူပေးခြင်း၊ ရဟတ်ယာဥ်၊ တိုက်လေယာဥ်များဖြင့် ထပ်မံ လာရောက် ပစ်ခတ် ဗုံးကြဲခြင်းကြောင့် တော်လှန်ရေး အင်အားစုဘက်မှ ရဲဘော်များ ထပ်မံ ထိခိုက်ကျဆုံးခဲ့ကြောင်း၊ စစ်တပ်ဘက်ကို စစ်ကူလာသော တပ်မ ၄၄ စစ်ကြောင်းကို KNDO မှ ဗိုလ်အယ်စေးဝါး အဖွဲ့နှင့် ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက် ချေမှုန်းနိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဥကရစ်ထ တပ်စခန်းအား တိုက်ခိုက် သိမ်းပိုက်သည့် စစ်တပ် ကြာမြင့်လာသည်အမျှ လက်နက်ခဲယမ်းလိုအပ်ချက်များ ရှိလာပြီး ကာကွယ်ရေး ဝန် ကြီး ဌာနသို့ အစီရင်ခံတင်ပြထားကာ တိုက်ပွဲ ကာလအတွင်း ပြည်သူများ လှူဒါန်းမှုများ လက်ခံရရှိခဲ့ပြီး ကျည်များ ဝယ်ယူ အသုံးပြုခဲ့ကာ ကူညီထောက် ပံ့လှူဒါန်းသူများကို Unity PDF စခန်းမှ ဂုဏ်ပြုမှတ်တမ်းလွှာများ ထုတ်ပေးလျက်ရှိကြောင်း၊ လိုအပ်ချက်များကို ဝိုင်းဝန်းကူညီ ပံ့ပိုးမှသာ တော်လှန်ရေးခရီး အောင်မြင်မည်ဖြစ်ပြီး ဥကရစ်ထ စစ်တပ် ခြေကုတ်စခန်းအား အမြန်ဆုံး တိုက်ခိုက်သိမ်းပိုက် နိုင်မည်ဖြစ်ကြောင်း KNDO ဆင်ဖြူ စစ်ကြောင်းက ထုတ်ပြန်ထားသည်။
လက်ရှိအချိန်တွင် မြဝတီ-ဝေါလေလမ်းတစ်လျှောက် စစ်တပ်က အင်အားတိုးမြင့်ထားပြီး တိုက်ပွဲကြီးများ ဆက်လက် ဖြစ်ပေါ်နိုင်ကြောင်း၊ ဆင်ဖြူ စစ် ကြောင်း အနေဖြင့် KNU၊ KNLA၊ KNDO တို့အပါအဝင် Cobra စစ်ကြောင်း၊ Venom စစ်ကြောင်းနှင့် PDF တပ်ခွဲများနှင့် အကြမ်းဖက် စစ်တပ် စခန်းကို ဆက်လက် တိုက်ခိုက် သိမ်းပိုက် သွားမည်ဖြစ်ကြောင်း၊ ပြည်သူ တရပ်လုံးကို အသိ ပေးအပ်ကြောင်းနှင့် ဆင်ဖြူ စစ်ကြောင်း ဆက်လက် တိုက်ပွဲ ဝင်ရာတွင် NUGနှင့် ပြည်သူ တရပ်လုံး၏ ကူညီပံ့ပိုးမှုမှာ အဓိကကျကြောင်း အသိပေးချက်တွင် ဖော်ပြထားသည်။
တိုက်ပွဲ တစ်ခုဖော်ဆောင်ရာတွင် လိုအပ်ချက် များစွာရှိပြီး လိုအပ်သည်များကို ဆင်ဖြူစစ်ကြောင်း၊ KNDO အထူးကွန်မန်ဒို တပ်ရင်းသို့ တိုက်ရိုက် ကူညီပံ့ပို့လှူဒါန်းနိုင်ပြီး Unity PDF စခန်း တာဝန်ခံကိုလည်း ဆက်သွယ် လှူဒါန်းနိုင်ကြောင်း ဆင်ဖြူ စစ်ကြောင်းက ထုတ်ပြန်ထားသည်။
ဓာတ်ပုံ- KNDO ခေါင်းဆောင် ဗိုလ်ချုပ် စောနယ်ဒါးဘိုမြနှင့်အတူ တွေ့ရသည့် ဒုတိယဗိုလ်မှူးကြီး စလုံး။