ရန်ကုန်၊ ဒီဇင်ဘာ ၁၀
မန္တလေးတိုင်း၊ တောင်သာမြို့နယ် အတွင်း စစ်ကြောင်းထိုးနေသော အကြမ်းဖက် စစ်တပ်က ပြည်သူ ၁၀ ဦးကို လူသားဒိုင်းအဖြစ် ဖမ်းဆီးပြီး နတ်စောင့်ကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
နိုဝင်ဘာလ ၁၉ ရက်နေ့မှ စတင်ပြီး တောင်သာ-မြင်းခြံ လမ်းပိုင်းတွင် တပ်စွဲထားသော အကြမ်းဖက် စစ်သားများနှင့် ပျူစောထီးများ ပူးပေါင်း ထားသော စစ်ကြောင်းသည် လမ်းပိုင်းတစ်လျှောက်ရှိ ကျေးရွာများကို ဆက်လက် ဝင်ရောက် စီးနင်းကာ ပြည်သူများကို လူသားဒိုင်းအဖြစ် ဖမ်းဆီးပြီး နေအိမ်များကို ဆက်တိုက် မီးရှို့နေခြင်းဖြစ်ကြောင်း သိရသည်။
ယနေ့ ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် ထိုစစ်ကြောင်းသည် နတ်စောင့်ကျေးရွာအတွင်းရှိ ပြည်သူပိုင် နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ထို စစ်ကြောင်းသည် နေအိမ်များကို မီးရှို့ဖျက်ဆီးပြီးနောက် လမ်းသွားလမ်းလာ ပြည်သူ ၁၀ ဦးခန့်ကို လူသားဒိုင်းအဖြစ် ဖမ်းဆီးပြီး မင်းရင်ကျေးရွာအတွင်း အိမ်ထောင်စုစာရင်းများကို လိုက်လံ စစ်ဆေးခဲ့ကြောင်း သိရှိရသည်။
ယင်းအကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် တောင်သာ-မြင်းခြံ လမ်းပိုင်း တစ်လျှောက်ရှိ တမံကြီးရွာ ၊ ဆည်ကုန်း(မ)ရွာ ၊ ညောင်တိုရွာ ၊ ပဲခင်းကျော်ရွာ ၊ ခြုံကြီးရွာ နှင့် အင်းတဲရွာတို့ကို မီးရှို့ဖျက်ဆီးခြင်းကြောင့် နေအိမ် ၂၀၀ နီးပါး မီးလောင် ပြာကျခဲ့ကြောင်း သိရှိရသည်။
အလားတူ ယနေ့တွင် တောင်သာမြို့ စွပ်ကျယ်စက်ရုံတွင် တပ်စွဲထားသော အင်အား ၇၅ ဦးပါသည့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ဖောကား ၂ စီး၊ လိုက်ထရပ်ကား ၁ စီး နှင့် အိမ်စီးကား ၁ စီးတို့ဖြင့် တောင်သာမြို့ တောင်ဘက်အထွက် ဂတ်ပိုက်လိုင်းတစ်လျှောက် စစ်ကြောင်းထိုးလာပြီး နကူးရွာကို ဝင်ရောက်စီးနင်းနေကြောင်း သိရသည်။
“တောင်သာမြို့နယ်ထဲမှာ အခုဆို ခွေးစစ်ကြောင်းက ၂ ကြောင်းရှိနေတယ်။ တောင်သာ-မြင်းခြံလမ်းမှာ ခွေးစစ်ကြောင်း ၁ ကြောင်းနဲ့ တောင်သာမြို့ တောင်ဘက် အထွက်မှာ ၁ ကြောင်းပေါ့။ အဲ ၂ ခုက အခုဆက်တိုက် ထိုးနေတာ ပြည်သူတွေလည်း ဖမ်းဆီးခံထားရတယ်။ ရွာတွေကိုလည်း ဆက်တိုက် မီးရှို့နေတာ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
ဓာတ်ပုံ – စစ်ကိုင်းတိုင်းအတွင်းရှိ ကျေးရွာတစ်ရွာကို စစ်တပ်က ညအချိန် ဝင်ရောက်စီးနင်းမီးရှို့နေစဉ် (ပုံအဟောင်းဖြစ်သည်)




