ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်၊ ဒမငယ်ရွာတွင် အကြမ်းဖက် စစ်တပ်နှင့် PDF တပ်များ တိုက်ပွဲပြင်းထန်နေပြီး စစ်သားများ ထိခိုက် သေဆုံးသူများပြားကြောင်း ဒေသပြည်သူများနှင့် ဒေသတွင်း သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဒီဇင်ဘာလ ၁၃ ရက်နေ့မှ စတင်ပြီး နတ်တလင်းမြို့နယ်၊ ဒမငယ်ရွာကို အကြမ်းဖက် စစ်တပ်က စစ် ကြောင်းထိုးလာ၍ PDF တပ်များနှင့် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားခဲ့ကြောင်း၊ ထိုတိုက်ပွဲများအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးသူများပြား၍ ဒမငယ်ရွာကို လေကြောင်း၊ လက် နက်ကြီးများဖြင့် ဆက်တိုက် ပစ်ခတ် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှုကြောင့် ကျေးရွာအတွင်းရှိ နေအိမ်အများအပြား ပျက်စီးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ တချို့ရှိကြောင်း သိရှိရသည်။
ထို့ပြင် တိုက်ပွဲဖြစ်ပွားနေသော ဒမငယ်ရွာမှ ပြည်သူများ အပါအဝင် အနီးအနားရှိကျေးရွာများမှ ထောင် နှင့်ချီသော ပြည်သူများသည် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း၊ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် လက်ရှိချိန်ထိ ပြန်လည် ဆုတ်ခွာခြင်းမရှိသေးသောကြောင့် စစ်ရေးဆက် လက် တင်းမာနေဆဲဖြစ်ကြောင်း သိရသည်။
“တိုက်ပွဲကတော့ တော်တော်ပြင်းထန်တယ်။ စစ်ခွေး စစ်ကြောင်းက အင်အား အလုံးအရင်းနဲ့ ထိုးလာတာလို့ သိရတယ်။ တော်လှန်ရေး တပ်ဖွဲ့ဘက်ကလည်း ထိခိုက်မှုရှိသလို စစ်ခွေးတွေလည်း ထိခိုက်သေဆုံးတာများတယ်လို့ သိရတယ်။ စစ်ခွေးတွေရဲ့ လက်နက်ခဲယမ်းတချို့လည်း သိမ်းဆည်းရရှိထားတယ်လို့ သိရတယ်။ ဒမငယ်ရွာကိုလည်း စစ်ခွေးတွေ ဗုံးကျဲတာ လက်နက်ကြီးတွေနဲ့ ပစ်လို့ နေအိမ်တွေ ပျက်စီးတာ မီးလောင်တာတွေလည်းရှိတယ်လို့ သိရတယ်။ ရွာထဲကို ပြန်မဝင်နိုင်သေးတော့ နေ အိမ်ပျက်စီးမှုနဲ့ ထိခိုက်မှု အခြေအနေကို အတည်မပြုနိုင်သေးဘူး” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
အကြမ်းဖက် စစ်တပ် စစ်ကြောင်းထိုးလာသော ဒမငယ်ရွာသည် နတ်တလင်းမြို့မှ ဆိုင်ကယ်ဖြင့် လာရောက်ပါက မိနစ်ပိုင်းသာ ရောက်ရှိနိုင်သော ကျေးရွာဖြစ်ပြီး အတုယောင် တရားမဝင်ရွေးကောက်ပွဲ ကျင်းပနိုင်ရေး နယ်မြေစိုးမိုးနိုင်ရန် စစ်တပ်က စစ်ကြောင်းထိုးလာခြင်းဖြစ်ကြောင်း ဒေသတွင်းသတင်းရင်းမြစ်က ဆက်လက်ပြောဆိုသည်။
အဆိုပါ တိုက်ပွဲဖြစ်စဉ်နှင့် ပတ်သက်ပြီး ရန်ကုန်ခေတ်သစ် သတင်းဌာနက နတ်တလင်းမြို့နယ် အခြေ စိုက် PDF တပ်ဖွဲ့များကို ဆက်သွယ်မေးမြန်းခဲ့သော်လည်း ပြန်လည် ဖြေဆိုခြင်းမရှိသေးပေ။
ဓာတ်ပုံ – နတ်တလင်း တိုက်ပွဲအတွင်း သေဆုံးခဲ့သော စစ်သားအလောင်းနှင့် သိမ်းဆည်းရရှိသော ပစ္စတိုသေနတ် ၁ လက်။ (ဒေသပြည်သူ ပေးပို့သည်။)





