30 C
Yangon

ဘုရားသုံးဆူမြို့တွင် ကျားဖြန့်တရုတ် ထောင်ချီ ရောက်ရှိလာပြီး DKBA စခန်းများတွင် ခိုလှုံနေ၊ နယ်မြေခံစစ်တပ်က လိုင်းကြေးနှင့်ဂိတ်ကြေး ကောက်ယူ၍ ကျားဖြန့် တရုတ်များကို ကူညီပေး

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၁၆

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ဘုရားသုံးဆူမြို့နယ်ခွဲတွင်လည်း ကျားဖြန့် တရုတ်နိုင်ငံသား ထောင်ချီရောက်ရှိလာနေပြီး ယင်းကျားဖြန့် တရုတ်များကို ဒီမိုကရေစီအကျိုးပြုတပ်မတော် DKBA က ခေါ်သွင်းလာခြင်းဖြစ်ကြောင်း ဘုရားသုံးဆူအခြေစိုက် ကရင်စစ်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

နိုဝင်ဘာလဆန်းပိုင်းမှစတင်ပြီး ကျားဖြန့် တရုတ်အများအပြားမှာ မြ၀တီရှိ DKBA တပ်ဖွဲ့များ၏ သယ်ယူချိတ်ဆက်ပေးမှုများဖြင့် ဘုရားသုံးဆူဘက်သို့ ရောက်ရှိလာကြကြောင်း၊ ကျားဖြန့်တရုတ်များမှာ KK Park ၊ ရွှေကုက္ကိုလ်နှင့် မြ၀တီမြို့ပေါ်တို့မှဖြစ်ပြီး တရုတ် ၁ ဦးလျှင် ထိုင်းဘတ် ၅ သောင်းခွဲအထိ သယ်ယူပို့ဆောင်ခ စျေးပေါက်ကြောင်း သိရှိရသည်။

“မြ၀တီဘက်က ကျားဖြန့် တရုတ်တွေ ပြေးလာကြတာ။ ပြေးတာဆိုတာက စစ်တပ်နဲ့ DKBA ပေါင်းသယ်ကြတာ။ ခန့်မှန်းခြေဆိုရင် ကျားဖြန့် တရုတ် ၄ ထောင်လောက်ရှိမယ်ထင်တယ်။ အခုတော့ DKBA ဗိုလ်အေဝမ်းရဲ့ ရေတံခွန် စခန်းဗျူဟာရုံးနဲ့ စခန်း ၉ ခုမှာ ထားထားတယ်။ နောက်ပြီး ဗိုလ်အေဝမ်း တပည့် နေလတို့အဖွဲ့ကလည်း ကျားဖြန့် တရုတ် ၁၀၀၀ လောက်ကို ခေါ်သွင်းလာတယ်”ဟု ကရင်စစ်ရေး သတင်းရင်းမြစ်က ရှင်းပြသည်။

ယင်းအပြင် ဘုရားသုံးဆူမြို့ပေါ်ရှိ နေရာတချို့တွင် ကျားဖြန့် တရုတ်များက အဆောက်အအုံနှင့် ခြံကွက်များကို ငှားရမ်း​ပြီး အွန်လိုင်းငွေလိမ်လည်လုပ်ငန်းများကို ပြန်လည် လည်ပတ်မှုများ လည်းရှိနေ​ကြောင်း သိရှိရသည်။

ဘုရားသုံးဆူမြို့သို့ ကျားဖြန့် တရုတ်များ ဝင်ရောက်နေရာတွင် နယ်မြေခံ စစ်တပ်ကလည်း ဂိတ်ကြေး ကောက်ခြင်း၊ လိုင်းကြေးနှင့် ဆက်ကြေး ရယူခြင်းနှင့် လိုအပ်သော စက်သုံးဆီ အပါအဝင် ရိက္ခာကုန်များကို သယ်ယူရန် လမ်းကြောင်းများ ဖွင့်ပေးခြင်းများ လုပ်ဆောင်နေကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article