32 C
Yangon

စစ်တပ်လက်အောက်ခံ ပျူစောထီးအဖွဲ့က ပစ်သတ်လိုက်သော အိန္ဒိယနိုင်ငံ သား ၂ ဦး၏ ရုပ်အလောင်းကို ပြန်မပေးသည့်အတွက် အိန္ဒိယပြည်သူများ ဆန္ဒပြပြီး မြန်မာနယ်နမိတ် အနီးမှ ရဲကင်းကို မီးရှို့

Must read

ရန်ကုန်၊ ဇူလိုင် ၆

စစ်ကိုင်းတိုင်း၊ တမူးမြို့တွင် ပျူစောထီး အဖွဲ့၏ ပစ်သတ်မှုကြောင့် သေဆုံးသွားသော အိန္ဒိယနိုင်ငံသား နှစ်ယောက် ၏ အလောင်းပြန်လည်ရရှိရေး အတွက် အိန္ဒိယနိုင်ငံ၊ မိုးရေးလူထုက မိုးရေးရဲစခန်းတွင် သွား ရောက်တောင်းဆို ဆန္ဒပြပြီး မြန်မာနယ်နမိတ် အနီးမှ ရဲကင်းကို မီးရှို့လိုက်ကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံ ပြောဆိုသည်။

ယနေ့ နံနက်ပိုင်းမှစတင်ပြီး မိုရေးမြို့တွင် ဆန္ဒပြပြီး မွန်းလွဲ ၂ နာရီအချိန်တွင် အလောင်းပြန်မပေးသည့် အတွက် မြန်မာနယ်နမိတ်အနီးရှိ ရဲကင်းတစ်ခုကို မီးရှို့ လိုက်ကြောင်း သိရှိရသည်။

“အလောင်းပြန်မပေးလို့ မိုရေးလူထုက ဆန္ဒ ပြနေတာ။ အလောင်းတောင်းတာ သတ်မှတ်ချိန်ကျော်တာတောင် လာမပို့လို့ဆိုပြီး မွန်းလွဲ ၂ နာရီကျော်မှာ မြန် မာ နယ်စပ်အနီးက ရဲကင်းကို မီးရှို့လိုက်တာ။ ရဲကင်း ပြာကျပြီ။ ရဲကင်း မြန်မာနယ်နမိတ် နားက မြန်မာရဲကင်းပါ” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။

လက်ရှိတွင် အိန္ဒိယစစ်တပ်နှင့် ရဲတပ်ဖွဲ့များ ရောက်ရှိလာပြီး မြန်မာ-အိန္ဒိယ နယ်စပ်တစ်လျှောက်အင်အားအပြည့်ချထားပြီး ဆန္ဒပြလူထုကို‌ စောင့်ကြည့်လျက်ရှိကြောင်း သိရှိရသည်။

အိန္ဒိယ-မြန်မာနယ်စပ်၊ စစ်ကိုင်းတိုင်း၊ တမူးမြို့သို့ လာရောက်သည့် အိန္ဒိယနိုင်ငံ သား ၂ ဦးကို စစ်ကောင်စီလက်ပါးစေ ပျူစောထီးများက ဇူလိုင်လ ၅ ရက် နေ့လယ် ၁ နာရီ၌ ပစ်သတ်လိုက်ခြင်းဖြစ်သည်။

ပစ်သတ်ခံရသူများမှာ အသက် ၂၈ နှစ်အရွယ် အမျိုးသား ၁ ဦးနှင့် အသက် ၃၅ နှစ်အရွယ် အမျိုးသား ၁ ဦး ဖြစ်ပြီး၊ အဆိုပါ ၂ ဦးမှာ သာမန်အရပ်သားများဖြစ် ကြောင်းနှင့် တမူးရှိ မိတ်ဆွေများထံ လာရောက်လည်ပတ်သူများသာဖြစ် ကြောင်း သိရှိရသည်။

အဆိုပါ တမီလူမျိုး အိန္ဒိယနိုင်ငံသား ၂ ဦးမှာ ငွေလဲ လုပ်ကိုင်သူများဖြစ်ပြီး ပျူစောထီးများက ပစ်သတ်ကာ ငွေများ လုယူသွားခြင်းဖြစ်နိုင်ကြောင်း တမူးသတင်း ရင်းမြစ် ၁ ဦး က ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။

“ငွေလဲတဲ့သူတွေလို့လည်း ပြောကြတယ်၊ တယောက်က သုံးဘီးမောင်းတယ်၊ သူတို့တွေက တမူးနဲ့ မိုရေးကို ပစ္စည်းကယ်ရီပို့တဲ့သူတွေလို့ သိရတယ်။ ကယ်ရီလုပ်တဲ့သူတွေဆိုတော့ ငွေလဲတဲ့အလုပ်လည်း လုပ်နိုင်တာပဲလေ။ အိန္ဒိယစစ် တပ်ကတော့ မိုရေးမှာ အရမ်းစစ်နေတယ်၊ မိုးရေးမှာရှိတဲ့ မြန်မာနိုင်ငံသားတွေကိုတော့ မြန်မြန်ဆိုင်သိမ်းခိုင်းလို့ ခွေးပြေးဝက်ပြေး ပြေးခဲ့ရတယ်” ဟု နယ်စပ်တွင်နေထိုင်သူ ၁ ဦးက ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။

တမူးနှင့် မိုရေးမြို့များသည် နိုင်ငံဖြတ်ကျော် ဈေးရောင်းသူများဖြင့် စည်ကားသည့် နယ်စပ်မြို့များဖြစ်သည်။

“နယ်စပ်ဖြတ်ပြီး အိန္ဒိယဘက်ကို ဈေးရောင်းတဲ့ မိသားစု အနည်းဆုံး ၃၀၀ ကျော် ရှိတယ်။ အခု ပျူစောထီးတွေ သူတို့ကို ပစ်သတ်တာက ရည်ရွယ်ချက်ရှိရှိ border tension create လုပ်တာဟုတ်တယ်။ PDF နဲ့ CDM မိသားစုတွေ အိန္ဒိယဘက် နေဖို့ ခက်ခဲအောင် တမင်လုပ်တာဖြစ်လိမ့်မယ်” ဟု တမူးရှိ အခြား ဒေသခံ ၁ ဦးက ပြောဆိုသည်။

အဆိုပါ လူသတ်မှုဖြစ်စဉ်သည် စစ်ကောင်စီလက်ပါးစေ ပျူစောထီးများက နယ် စပ်လုံခြုံရေး တင်းကြပ်ရန် လုပ်ဆောင်ခြင်းဖြစ်နိုင်ကြောင်း ပြောဆိုနေကြပြီး အဆိုပါကိစ္စနှင့် ပတ်သက်၍ သီးခြားအတည်ပြုနိုင်ရန် ရန်ကုန်ခေတ်သစ်က ဆက်လက်စုံစမ်းလျက်ရှိသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article