ရန်ကုန်၊ ဇူလိုင် ၆
စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်နှင့် မကွေးတိုင်း၊ ရေစကြိုမြို့နယ်အစပ်တွင် အကြမ်း ဖက်စစ်ကောင်စီတပ်ဖွဲ့နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့များကြား ယနေ့ ဇူလိုင်လ ၆ ရက် နံနက် ၇ နာရီခွဲတွင် တိုက်ပွဲ ဖြစ်ပွားပြီး စစ်ကောင်စီဘက်မှ ၂၀ ဦးထက်မနည်း သေဆုံးကြောင်း သတင်းရရှိသည်။
တိုက်ပွဲသည် ၂ နာရီခန့် ကြာမြင့်ခဲ့ပြီး အကြမ်းဖက်စစ်တပ်က တိုက်ခိုက်ရေးရဟတ်ယာဉ်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သော်လည်း ဒေသကာကွယ်ရေးတပ်ဖွဲ့များဘက်မှ အထိအခိုက်မရှိခဲ့ဘဲ စစ်ကောင်စီတပ်ဖွဲ့သာ ပြန်လည်ဆုတ်ခွာသွားကြောင်း မြေလတ် PDF မြင်းခြံခရိုင်က သတင်းထုတ်ပြန်သည်။
စစ်ကောင်စီတပ်ဖွဲ့ကို မြင်းခြံခရိုင်တပ်ရင်းအမှတ် ၁၊ ၂၊ ၃၊ နွားထိုးကြီး ဒေသကာကွယ်ရေးတပ်ဖွဲ့၊ မြောင် Special People Defense Force၊ ကျေးရွာတပ်ပေါင်းစု (မြောင်)၊ ရေလည်ကျွန်း Phoenix မဟာမိတ်တပ်ဖွဲ့များ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။
ချင်းပြည်နယ် မတူပီမြို့နယ် ရဲန်ခဲန်းရွာနှင့် အမ်မိလိုင်းရွာကြားတွင် ဇူလိုင်လ ၆ ရက်နေ့ နံနက် ၉ နာရီ ၁၅ မိနစ်မှ ၁၀ နာရီထိ CDF မတူပီနှင့် အကြမ်းဖက် စစ်တပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း CDF မတူပီက ထုတ်ပြန်ထားသည်။
အကြမ်းဖက် စစ်တပ် စစ်ကြောင်း ဇွန်လ ၂၈ ရက်နေ့တွင် လိုင်လင်းပီမြို့မှ မတူပီဘက်ကို ခြေလျင်ထွက်ခွာလာသော စစ်ကြောင်းဖြစ်ပြီး တိုက်ပွဲဖြစ်ပွားပြီးနောက် အကြမ်းဖက် စစ်တပ်က ရဲန်ခဲန်းရွာကို ပြန်လည် ဆုတ်ခွာခဲ့ပြီး ပြည်သူပိုင် နေအိမ် ၃ လုံးကို မီးရှို့ ဖျက်ဆီးခဲ့ကြောင်း သိရသည်။
မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ် ရေရှင်ကျေးရွာဘက်သို့ စစ်ကြောင်းထိုးပြီး ထွက်ခွာသော စစ်ကြောင်းကို ယနေ့ နံနက် ၉ နာရီတွင် မကွေး ပကဖ နှင့် PDF ဂန့်ဂေါတို့က မိုင်းဆွဲတိုက်ခိုက်ရာ ကား ၂ စီးလုံး စုတ်ပြတ်သွားပြီး သေဆုံးထိခိုက်မှုများပြားနိုင်ကြောင်း ဂန့်ဂေါ PDF က ပြောသည်။
“ရေရှင်ဘက် စစ်ကြောင်းထိုးပြီး စစ်တပ်က တောင်ခရမ်းစခန်းမှ ညအိပ်နားတယ်။ နောက်ပြီး မြောက်ခရမ်းကို ဖောကား ၁ စီး၊ လိုက်ထရပ်ကား ၁စီး နဲ့ လိုက်ပို့ပြီး ပြန်ခဲ့တဲ့ ပျူနဲ့ လုံခြုံရေးယူပေးတဲ့ ခွေးကား၂စီးကို ပကဖ နဲ့ pdf ဂန့်ဂေါ ခရိုင် တပ်ရင်း ၁ တို့ ပေါင်းပြီး မိုင်းဆွဲတိုက်ခိုက်ခဲ့ပါတယ်။ ဖောကားရော လိုက်ထရပ်ကားရော စုတ်ပြတ်သတ်သွားတယ်။ အကျအဆုံးကိုတော့ အတိအကျမသိရသေးပါဘူး” ဟု ဂန့်ဂေါ PDF က ပြောသည်။
ဓာတ်ပုံ- အကြမ်းဖက်စစ်တပ်၏ တိုက်ခိုက်ရေးရဟတ်ယာဉ်တစ်စီး။ (ပုံအဟောင်းဖြစ်သည်)
Photo- Agency