32 C
Yangon

မင်းတပ်မြို့၊ ချပ်ရွာနှင့် ဆွန်တောင်ကျေးရွာကို အကြမ်းဖက်စစ်တပ်က တိုက်လေယာဉ် ၂ စီးဖြင့် ကျဲချခဲ့စဉ် မပေါက်ကွဲဘဲ ကျန်နေသည့် ဗုံးများကို CDF ရှင်းလင်း

Must read

ရန်ကုန်၊ ဇူလိုင် ၆

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်၊ ချပ်ရွာနှင့် ဆွန်တောင်ကျေးရွာများကို အကြမ်းဖက်စစ်ကောင်စီက တိုက်လေယာဉ်များဖြင့် ဇူလိုင်လ ၂ ရက်နေ့နံနက်တွင် ဗုံးကျဲကျ တိုက်ခိုက်ခဲ့ပြီး မပေါက်ကွဲဘဲ ကျန်နေသည့် ဗုံးများကို CDF မင်းတပ် တပ်ဖွဲ့ဝင်များက ယနေ့တွင် ရှင်းလင်းလိုက်ကြောင်း သတင်းရရှိသည်။

အဆိုပါ ဗုံးကျဲတိုက်ခိုက်မှုကြောင့် ချပ်ကျေးရွာတွင် ၃ ဦးသေဆုံးကာ ၁၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း မင်းတပ်မြို့နယ် ပ.အ.ဖ ထံမှ သိရှိရသည်။

“စကစတွေ ဗုံးကျဲတာက တိုက်လေယာဉ်နဲ့ပေါ့နော်၊ အပြာရောင် တိုက်လေယာဉ် ၂ စီး နိမ့်နိမ့်လေး လာပြီးမှ ၁၁ နာရီ ၁၅ မိနစ်လောက်မှာ ၃ ကြိမ် လာကျဲသွားတယ်။ နောက်တကြိမ် ပြန်ကွေ့လာပြီး ပြန်ကျဲတယ်ပေါ့နော်၊ ချပ်ရွာ စာသင်ကျောင်းနဲ့ ဘုရားကျောင်းနားမှာ ကျတယ်။ အဲဒီမှာ လူတွေ ထိတယ်၊ သေဆုံးတာတွေရော ဒဏ်ရာရတာတွေရော ရှိတယ်။ နောက်တကြိမ် ဆွန်တောင်ရွာဘက်ကို ကျဲတယ်၊ ဒါပေမယ့် တောထဲ ချောက်ထဲကို ကျတယ်ပေါ့နော်။” ဟု မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ပြောခွင့်ရ ဆလိုင်းယောမန်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

အကြမ်းဖက်စစ်ကောင်စီ၏ ယခု တိုက်ခိုက်မှုသည် အပြစ်မဲ့ အရပ်သား ပြည်သူများကို ရည်ရွယ်ချက်ရှိရှိ ဦးတည် တိုက်ခိုက်မှုဖြစ်ပြီး စစ်ရာဇဝတ်မှု ကျူးလွန်ကြောင်းနှင့် အရပ်သား တိုင်းရင်းသား ပြည်သူများကို ပစ်မှတ်ထား ကျူးလွန်သော စစ်ရာဇဝတ်မှုများကို ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်း CDF မင်းတပ်က သတင်းထုတ်ပြန်ထားသည်။

ဗုံးကျဲတိုက်ခိုက်မှုကြောင့် စာသင်ကျောင်းများ၊ ပြည်သူ့နေအိမ်များ၊ ဘုရားကျောင်းများ အကြီးအကျယ်ထိခိုက်ပျက်စီးမှုဖြစ်ခဲ့သည့်အပြင် ဒေသခံရွာသူရွာသားများလည်း ဘေးလွတ်ရာ တိမ်းရှောင်နေရကြောင်း မင်းတပ် ပ.အ.ဖ က သတင်းထုတ်ပြန်ထားသည်။

Photo – HKL Mindat

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article