ရန်ကုန်၊ ဒီဇင်ဘာ ၁၈
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်အတွင်းရှိ ခရီးသွား ပြည်သူများ၏ ယာဉ်တန်းများနှင့် ဆိပ်ကမ်းများကို အကြမ်းဖက် စစ်တပ်က လေယာဉ်၊ Gyrocopter တို့ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၁၃ ဦးထက်မနည်းသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူများပြားကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ ဒီဇင်ဘာ ၁၈ ရက်နေ့ မွန်းလွဲပိုင်းတွင် အကြမ်းဖက် စစ်တပ်၏ ဂျက်ဖိုက်တာ ၁ စီးနှင့် ဂျိုင်ရိုကော်ပတာ ၃ စီးသည် ခင်ဦးမြို့ မြေနီသျှို လမ်းဆုံအနီးကို ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ ဆီခြံပေါ်ကျရောက် ပေါက်ကွဲမီးလောင်ခဲ့သောကြောင့် ရွှေဘို-မြစ်ကြီးနား လမ်းပိုင်းမှ လမ်းကြော ပိတ်မိနေသော ကားသမားများ နှင့် ခရီးသွားပြည်သူများ အပါအဝင် လမ်းဆုံအနီးရှိ ဈေးဆိုင်ရှင်များနှင့် ပြည်သူများ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်ကြောင့် ကနဦး အတည်ပြုချက်အရ ခရီးသွား ပြည်သူ ၆ ဦး ထက်မနည်း သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူများပြားကာ သေဆုံးသူ အရေအတွက် ထပ်တိုးနိုင်ကြောင်း သိရှိရသည်။
အလားတူ ဒီဇင်ဘာ ၁၇ ရက်နေ့တွင်လည်း ခင်ဦးမြို့နယ် အရှေ့တောင်ခြမ်း ဧရာဝတီမြစ်ကူး ဆိပ်ကမ်း ၂ ခုကို အကြမ်းဖက် စစ်တပ်၏ ဂျက်ဖိုက်တာ ၅ စီးက လေကြောင်း တိုက်ခိုက်မှု အကြိမ် ၃၀ ထက်မနည်း ပြုလုပ်ခဲ့ကြောင်း၊ ထိုလေကြောင်း တိုက်ခိုက်မှု အတွင်း ဧရာဝတီမြစ်ကို ဖြတ်ကူး၍ စစ်ရှောင်ရန် လာရောက်သော မန္တလေးနှင့် စဉ်ကူး မြို့နယ်ဘက်မှ ဒေသပြည်သူ ၇ ဦးခန့်သေဆုံးကာ ၁၅ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
“အခု လောလောဆယ် အတည်ပြုနိုင်တာ ပြည်သူ ၁၃ ဦးထက်မနည်း သေဆုံးတယ်လို့တော့ သိထားရတယ်။ စစ်ခွေးတွေ ဗုံးကျဲတိုက်ခိုက်သွားတဲ့ နေရာတွေက ဆက်သွယ်ရေး ခက်ခဲတဲ့ နေရာတွေဆိုတော့ ကျနော်တို့ အတည်ပြုဖို့ ခက်ခဲနေတာပါ။ ရွှေဘို -မြစ်ကြီးနား ဗျူဟာလမ်းပိုင်းကို စစ်ခွေးတွေ ဗုံးကျဲသွားတာလည်း သေဆုံးမှု အရေအတွက် ထပ်တိုးနိုင်တယ်” ဟု ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ တာဝန်ရှိသူက ပြောဆိုသည်။
ခင်ဦးမြို့နယ်ရှိ အရပ်သား ပြည်သူများကို အကြမ်းဖက် စစ်တပ်က ပစ်မှတ်ထားသော လေကြောင်း တိုက်ခိုက်မှုများ နေ့စဉ် ပြုလုပ်နေ၍ ပြည်သူများအနေဖြင့် လေကြောင်းအန္တရာယ်ကို အထူးသတိပြုကြရန် ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ တာဝန်ရှိသူက ဆက်လက်ပြောဆိုသည်။







