25 C
Yangon

မြန်မာ စစ်အုပ်စုက တာဝန်ခံမှုမှ ရှောင်လွှဲရန် စစ်ကော်မရှင်ဟု အမည်ပြောင်းလိုက်သည့်အပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ရန် အရေးတကြီးလိုအပ်နေဟု JFM ပြောဆို

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၂၂

အကြမ်းဖက် မြန်မာ စစ်အုပ်စုက တာဝန်ခံမှုမှ ရှောင်လွှဲရန် စစ်ကော်မရှင်ဟု အမည်ပြောင်းလိုက်သည့်အပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ရန် အရေးတကြီးလိုအပ်နေကြောင်း The Sentry နှင့် Justice For Myanmar တို့က ပူးတွဲ ထုတ်ပြန်လိုက်ကြောင်း သိရသည်။

၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၃၁ နေ့တွင် စစ်အုပ်စုက ဒဏ်ခတ်ပိတ်ဆို့ခံထားရသည့် နိုင်ငံတော် စီမံအုပ်ချုပ် ရေးကောင်စီ (SAC) အား ဖျက်သိမ်းလိုက်ပြီး အသစ်ဖွဲ့စည်းထားသည့် နိုင်ငံတော်လုံခြုံရေးနှင့် ငြိမ်း ချမ်းရေး ကော်မရှင် (SSPC) ဖြင့် အစားထိုးခဲ့ကြောင်း၊ ထိုသို့ အမည်အပြောင်းအလဲရှိခဲ့သော်လည်း SSPC ကို ယခင် စစ်ဗိုလ်ချုပ်ကြီးများကသာ ဦးဆောင်ခြင်းဖြစ်ပြီး လုပ်ငန်းတာဝန်များလည်း အ ပြောင်းအလဲမရှိသလို စစ်အုပ်စုနှင့် စစ်တပ်ခေါင်းဆောင် မင်းအောင်လှိုင်၏ ထိန်းချုပ်မှုအောက်တွင် သာ ခိုင်ခိုင်မာမာ ရှိနေဆဲဖြစ်ကြောင်း ထောက်ပြထားသည်။

“ခေါင်းစည်း စာသားကလွဲရင် ဘာအပြောင်းအလဲမှကိုမရှိတာ။ စစ်အုပ်စုရဲ့ အမည်ပြောင်း လုပ်ရပ် ဟာ သူတို့တွေအနေနဲ့ အရပ်သားပြည်သူတွေကို ဘာအပြစ်ဒဏ်မှ မခံရဘဲ စိတ်တိုင်းကျ သတ်ဖြတ် နေတဲ့အချိန်မှာ၊ တဖက်ကလည်း ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ရှောင်ရှားနိုင်ဖို့နဲ့ သူတို့ရဲ့ အတုအယောင် ရွေးကောက်ပွဲအတွက် မဟုတ်မမှန် လုပ်ကြံဇာတ်လမ်းတွေ ဖန်တီးနိုင်ဖို့တွေ အတွက် ရည်ရွယ်လုပ် ဆောင်တဲ့ ကြိုးပမ်းမှုတစ်ရပ်သာ ဖြစ်ပါတယ်” ဟု Justice For Myanmar ၏ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ပြောကြားသည်။

The Sentry နှင့် Justice For Myanmar တို့ ပူးတွဲထုတ်ပြန်လိုက်သည့် မူဝါဒအနှစ်ချုပ်စာတမ်းသစ် တစ်‌စောင်တွင် မြန်မာစစ်အုပ်စုသည် ၎င်းတို့၏ အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနှင့် တရားစီရင်ရေး အဖွဲ့ အစည်းကို အမည်ပြောင်းလဲလိုက်ခြင်းနှင့် အမေရိကန်ပြည်ထောင်စုအတွင်း အကျိုးဆောင်လော်ဘီ များ ငှားရမ်းအသုံးပြုခြင်း များမှတဆင့် နိုင်ငံတကာဒဏ်ခတ်ပိတ်ဆို့မှုများအား ရှောင်ရှားရန်နှင့် မှား ယွင်းသော နိုင်ငံရေးတရားဝင်မှုရရှိရန် ကြိုးပမ်းနေပုံများကို ဖော်ထုတ်ထားကြောင်း သိရသည်။

စစ်အုပ်စုသည် အရပ်သားပြည်သူများအပေါ် ရက်စက်ကြမ်းကြုတ်မှုများ နိုင်ငံနှင့်အဝန်း ကျူးလွန် လျက်ရှိပြီး၊ အတုအယောင်ရွေးကောက်ပွဲတစ်ရပ်ကို ကျင်းပရန် ပြင်ဆင်နေချိန်တွင် ၄င်းတို့အနေဖြင့် နိုင်ငံတကာ နိုင်ငံရေးနှင့် ဘဏ္ဍာရေးစနစ်များတွင် ဆက်လက်ပါဝင် ဆောင်ရွက်နိုင်ရန်အတွက် ဒဏ် ခတ်ပိတ်ဆို့မှုစနစ်များရှိ ဟာကွက်များကို ထိထိရောက်ရောက် အသုံးချလျက်ရှိနေကြောင်း အဆိုပါ စာတမ်းက သတိပေးထားသည်။

အမေရိကန်ပြည်ထောင်စု၊ ယူကေ၊ ဥရောပသမဂ္ဂ၊ ကနေဒါ၊ ဩစတြေးလျ၊ နယူးဇီလန်နှင့် အခြား သော မိတ်ဖက်အစိုးရများ အနေဖြင့် အဆိုပါဂယ်ပေါက်များကို ပိတ်ဆို့ရန်နှင့် စစ်အုပ်စု၏ နိုင်ငံ တကာကူညီပံ့ပိုးပေးနေသူများအား ပစ်မှတ်ထားနိုင်ရန်အတွက် ဒဏ်ခတ်ပိတ်ဆို့မှုများကို အရေးတ ကြီး ဖြည့်စွက် တိုးချဲ့ရန် လိုအပ်ကြောင်း အဆိုပါစာတမ်းက တောင်းဆိုထားသည်။

အဆိုပါ စာတမ်းတွင် SAC၊ SSPC နှင့် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ (NDSC) သုံး ဖွဲ့လုံးတွင် ဘုံပါဝင်နေသော စစ်တပ်ထိပ်ပိုင်းအရာရှိကြီးများကို မှတ်တမ်းတင်ထားကြောင်း၊ ထို့အတူ SSPC အဖွဲ့ဝင်အားလုံးနီးပါးသည် အနည်းဆုံးနိုင်ငံတစ်ခုက ဒဏ်ခတ်ပိတ်ဆို့မှုချမှတ်ထားသည့် လက်ရှိ သို့မဟုတ် ယခင် စစ်အရာရှိကြီးများဖြစ်ကြောင်းလည်း ဖော်ပြထားကြောင်း သိရသည်။

SSPC ဖွဲ့စည်းပြီးနောက်ပိုင်း စစ်တပ်သည် အရပ်သားပြည်သူများအပေါ် မဆင်မခြင် လေကြောင်း တိုက်ခိုက်မှုများ၊ လက်နက်ကြီးပစ်ခတ်မှုများ၊ လူအစုလိုက်အပြုံလိုက် ဖမ်းဆီးမှုများကို ပြစ်ဒဏ်ခံရ ခြင်း ကင်းလွတ်စွာဖြင့် ဆက်လက်လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

အထူးသတိထားစရာ အချက်အနေဖြင့် စစ်အုပ်စုက ထိုသို့အမည်ပြောင်းပြီး ရက်ပိုင်းအတွင်းတွင်ပင် အမေရိကန်အခြေစိုက် လော်ဘီနှစ်ဖွဲ့ဖြစ်သည့် DCI Group AZ, LLC နှင့် the McKeon Group တို့ သည် စစ်အုပ်စုထိန်းချုပ်အဖွဲ့များနှင့် စာချုပ်များချုပ်ဆိုခဲ့ကြောင်း သိရသည်။

အမေရိကန်ပြည်ထောင်စု နိုင်ငံခြားကိုယ်စားလှယ်များမှတ်ပုံတင်ခြင်းဆိုင်ရာအက်ဥပဒေ (FARA) အရ တင်သွင်းထားသည့်မှတ်တမ်းများတွင် ယင်းကုမ္ပဏီများသည် မြန်မာစစ်တပ်ကိုယ်စား အမေရိ ကန်အစိုးရကို စည်းရုံးရန်ရည်ရွယ်သည့် ပြည်သူရေးရာနှင့် လော်ဘီဝန်ဆောင်မှုများ ပေးအပ်ရန် သဘောတူခဲ့ကြောင်း တွေ့ရသည်။

“စစ်အုပ်စုဟာ ၎င်းတို့ရဲ့ပုံရိပ်ကို ပြန်လည်တည်ဆောက်နေပြီး၊ ၎င်းတို့အုပ်ချုပ်မှုကို ပုံမှန်အခြေအနေ တခုလို ဖြစ်လာစေဖို့ နိုင်ငံရပ်ခြားက အားပေးကူညီသူတွေရဲ့ ပံ့ပိုးမှုကို ရယူ အသုံးချနေပါတယ်။ စစ် ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ အတွက် တာဝန်ရှိတဲ့ စစ်အုပ်စု ကို အကျိုးဖြစ်ထွန်းစေမယ့် နိုင်ငံရေးဝန်ဆောင်မှုတွေ ပေးအပ်ခြင်းဟာ ကြီးလေးတဲ့ ဥပဒေကြောင်း ဆိုင်ရာ၊ ကျင့်ဝတ်ဆိုင်ရာ၊ ဂုဏ်သိက္ခာဆိုင်ရာ အန္တရာယ်တွေကို ဖြစ်ပေါ်စေနိုင်ပါတယ်” ဟု The Sentry ၏ အမှုဆောင်ဒါရိုက်တာ Justyna Gudzowska က ပြောကြားသည်။

ဒဏ်ခတ်ပိတ်ဆို့မှုစာရင်းတွင် SSPC အား SAC ၏ အမည်ကွဲတစ်ခုအနေဖြင့်သော်လည်းကောင်း သို့မဟုတ် ဒဏ်ခတ်ပိတ်ဆို့မှု ချမှတ်လိုက်သည့် အဖွဲ့အစည်းအသစ်အနေဖြင့် သော်လည်းကောင်း ဖြည့်စွက်ပြင်ဆင်ခြင်းမပြုပါက နိုင်ငံတကာမှ အဖွဲ့အစည်းများသည် ယင်းအပေါ် ကောင်းစွာ နား လည် သိရှိမှု မရှိခြင်းကြောင့် စစ်အုပ်စုနှင့် စီးပွားရေး လုပ်ဆောင်နိုင်ခြေရှိကြောင်း၊ သို့မဟုတ်ပါက လည်း ပို၍ဆိုးရွားသောဥပမာအနေဖြင့် မသိနားမလည်၍ လုပ်ရခြင်းဖြစ်သည်ဟု ယုတ္တိထုတ် ငြင်းဆို နိုင်သော အကာအကွယ်ကို ရရှိသွားနိုင်ကြောင်း အနှစ်ချုပ်စာတမ်းတွင် သတိပေးထားသည်။

အဆိုပါအန္တရာယ်သည် အထူးသဖြင့် ဥရောပသမဂ္ဂက ရှုတ်ချထားသည့် စစ်အုပ်စု၏ အတုအယောင် ရွေးကောက်ပွဲ ပြင်ဆင်နေချိန်ကာလတွင် ပို၍ပင် စိုးရိမ်ဖွယ်ရာဖြစ်ကြောင်း ဆက်လက် အသိပေး ထားသည်။

ထို့ကြောင့် SSPC အား လက်ရှိမြန်မာနိုင်ငံဆိုင်ရာ ဒဏ်ခတ်ပိတ်ဆို့မှုများနှင့် ကမ္ဘာလုံးဆိုင်ရာ မဂ္ဂနစ် စကီးပုံစံ ဒဏ်ခတ်ပိတ်ဆို့မှုစနစ်များ ‌အောက်တွင် ချက်ချင်းထည့်သွင်းသတ်မှတ် အရေးယူရန်၊ စစ် အုပ်စုကို အားပေးကူညီနေသူများအပေါ် ပစ်မှတ်ထားသည့် နိုင်ငံစုံညှို့နှိုင်းပူးပေါင်း ဆောင်ရွက်သော ကွန်ရက်လိုက် ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ရန်နှင့် ဒဏ်ခတ်ပိတ်ဆို့မှုများအား အသက်ဝင်မှုအား ကောင်း စေရန်နှင့် ဖြစ်နိုင်ဖွယ်ချိုးဖောက်မှုများအား စုံစမ်းစစ်ဆေးရန် The Sentry နှင့် Justice For Myanmar တို့က နိုင်ငံတကာအစိုးရထံ တောင်းဆိုထားသည်။

ထို့အပြင် စစ်အုပ်စု၏ အတုအယောင်ရွေးကောက်ပွဲအား လူသိရှင်ကြား ရှုတ်ချရန်နှင့် ရွေးကောက်ပွဲ ရလာဒ် များအား ငြင်းပယ်ရန်၊ မည်သည့်အသိအမှတ်ပြုမှု သို့မဟုတ် ပံ့ပိုးမှုပုံစံကိုမျှ ပေးအပ်ခြင်း မပြုရန် ဆက်လက်တောင်းဆိုထားသည်။

ပရော်ဖက်ရှင်နယ် ဝန်ဆောင်မှုလုပ်ငန်းများနှင့် ဘဏ္ဍာရေးအဖွဲ့အစည်းများ အပါအဝင် ပုဂ္ဂလိက ကဏ္ဍမှ သက်ဆိုင်သူများအနေဖြင့် စစ်အုပ်စုထိန်းချုပ်ထားသည့် အဖွဲ့အစည်းများနှင့် ပတ်သက်နေမှု မှန်သမျှကို ဖျက်သိမ်းရန်နှင့် မြန်မာနှင့်ပတ်သက်သော ဖောက်သည်များနှင့် ထိတွေ့ဆက်ဆံရာတွင် တင်ကြိုစိစစ်မှုများကို တိုးမြှင့်လုပ်ဆောင်ရန် တို့ကို အနှစ်ချုပ်စာတမ်းက တောင်းဆိုထားသည်။

“စစ်အုပ်စုက အလိုက်သင့်ရှောင်ရှားတတ်လာသလို ဒဏ်ခတ်ပိတ်ဆို့မှုတွေကိုလည်း လိုက်ပါပြောင်း လဲမြှင့်တင်ရပါမယ်။ အခုအချိန်မှာ ပြတ်သားတဲ့ အရေးယူဆောင်ရွက်မှုတွေ မလုပ်ရင်တော့ စစ်အုပ် စုဟာ ပြည်သူတွေအပေါ် အကြောက်တရားနဲ့ အကြမ်းဖက်မှုတွေ ကျူးလွန်နေတဲ့ တစ်ဖက်မှာပဲ၊ သူ တို့ရဲ့ရာဇဝတ်မှုတွေကိုလည်း အမည်ပြောင်းလဲတာ၊ လော်ဘီလုပ်ဆောင်စေတာနဲ့ နိုင်ငံတကာရဲ့ ကြံ ရာပါမှုတွေကတဆင့် ဆက်ပြီးခဝါချနေအုန်းမှာ ဖြစ်ပါတယ်” ဟု Justice For Myanmar ၏ ပြော ရေးဆိုခွင့်ရှိသူ မရတနာမောင်က ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article