မြန်မာအကြမ်းဖက်စစ်တပ်၏ ဝါဒဖြန့် MRTV ရုပ်သံလိုင်းများကို ဩစတြေးလျရုပ်သံပလက်ဖောင်း Kick နှင့် အမေရိကန် Youtube တို့က ဖယ်ရှားလိုက်ကြောင်း Justice for Myanmar က သတင်းထုတ်ပြန်သည်။
ဩစတြေးလျတိုက်ရိုက်ရုပ်သံလွှင့်ပလက်ဖောင်း Kick တွင် မြန်မာအကြမ်းဖက်စစ်အုပ်စုက ၎င်းတို့၏ ဝါဒဖြန့် MRTV ရုပ်သံလိုင်းများ ကို သွားရောက် လွှင့်ထုတ်နေရာ လွှင့်ထုတ်မှု ၂၄ နာရီ ပြည့်အောင်ပင်လက်မခံဘဲ အဆိုပါရုပ်သံလိုင်းများအားလုံးကို Kick က ပယ်ဖျက်လိုက်ကြောင်း Justice For Myanmar က ဆိုသည်။
ဩစတြေးလျနည်းပညာကုမ္ပဏီ Kick ပေါ်တွင် တရားမဝင်မြန်မာစစ်အုပ်စု၏ ဝါဒမှိုင်းဖြန့်အကောင့် များက တိုက်ရိုက်ထုတ်လွှင့်မှု စတင်ခဲ့ပြီး နာရီပိုင်းအတွင်းတွင်ပင် အဆိုပါအကောင့်များကို ဖယ်ရှား ပိတ်သိမ်းခဲ့ကြောင်း၊ ထိုသို့ ဖယ်ရှားလိုက်ခြင်းမှာ Justice For Myanmar က ကုမ္ပဏီထံ စာရေးသား ပေးပို့ မေးခွန်းထုတ်ပြီးနောက် Kick ကုမ္ပဏီက ထိုသို့ အရေးယူဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။
စစ်အုပ်စုက ၎င်းတို့၏အကောင့်များ Amazon ပိုင် ရုပ်သံလွှင့်ပလက်ဖောင်း Twitch မှ ဖယ်ရှားခံရ ပြီးနောက် Kick သို့ ပြောင်းရွေ့အသုံးပြုခဲ့ခြင်း ဖြစ်ပြီး ယခုအခါ စစ်အုပ်စုအတွက် ၎င်းတို့၏ အတုအ ယောင်ရွေး ကောက်ပွဲမတိုင်မီ နေ့ရက်များကို တိုက်ရိုက်ရုပ်သံလွှင့် ပလက်ဖောင်းမရှိဘဲ ထပ်မံဖြတ် သန်းရဦးမည် ဖြစ်ကြောင်း JFM က ပြောဆိုထားသည်။
Kick က ဖယ်ရှားလိုက်သည့် ချန်နယ်များမှာ MRTV HD ၊ MITV ၊ MRTV News ၊ MRTV Farmers ၊ MRTV Sports ၊ MRTV NRC နှင့် MRTV Entertainment တို့ဖြစ်ပြီး ၎င်းတို့အားလုံးကို စစ်အုပ်စု၏ ပြန်ကြားရေးဝန်ကြီးဌာနက ကြီးကြပ်ထုတ်လွှင့်နေခြင်းဖြစ်ကြောင်း သိရသည်။
MRTV သည် အဓိကအားဖြင့် မြန်မာပရိတ်သတ်များအတွက် ဗမာဘာသာစကားဖြင့် ထုတ် လွှင့်ပြီး MITV သည် နိုင်ငံခြားပရိတ်သတ်များထံ သက်ရောက်မှုရှိစေရန်ရည်ရွယ်၍ အင်္ဂလိပ်ဘာသာဖြင့် ထုတ်လွှင့်နေခြင်းဖြစ်သည်။
စစ်အုပ်စုသည် MRTV ဝက်ဆိုဒ်နှင့် အပ်ပလီကေးရှင်းတို့မှ တိုက်ရိုက်ရုပ်သံထုတ်လွှင့်ရန် Kick ကို အသုံးပြုခဲ့ခြင်းဖြစ်ပြီး၊ Kick ၏ အရေးယူဖယ်ရှားမှုက စစ်အုပ်စု၏ ဝါဒမှိုင်းများ၊ သတင်းမှားများနှင့် အမုန်းစကားများ တိုက်ရိုက်ထုတ်လွှင့်နိုင်စွမ်းအား ကန့်သတ်ဖြတ်တောက်လိုက်ခြင်းလည်းဖြစ် ကြောင်း JFM က ပြောဆိုသည်။
လက်ရှိတွင် MRTV ဝက်ဆိုဒ်နှင့် အပ်ပလီကေးရှင်းများတွင် ထည့်သွင်းထားသည့် တိုက် ရိုက်ထုတ် လွှင့်မှု အစီအစဉ်များတွင် “ယခုချိတ်ဆက်မှု မှားယွင်းနေပုံရပါသည်” ဟူသော Kick ၏ မှားယွင်းမှု ပြစာတန်းကို ဖော်ပြနေကြောင်း သိရသည်။
Kick သည် မဲဘုန်းမြို့အခြေစိုက်ကုမ္ပဏီတစ်ခုဖြစ်ပြီး၊ ဩစတြေးလျဘီလီယံနာသူဌေးကြီး Ed Craven နှင့် ၎င်း၏ စီးပွားဖက် BiJan Tehrani တို့က ပိုင်ဆိုင်ကြောင်း၊ Twitch ကဲ့သို့ပင် Kick ကို လည်း ဂိမ်းကစားခြင်းများကို တိုက်ရိုက်ထုတ်လွှင့်ရာတွင် အဓိကအသုံးပြုလျက်ရှိကြောင်း သိရ သည်။
နိုင်ငံတကာ နည်းပညာကုမ္ပဏီအားလုံးအနေဖြင့် စစ်အုပ်စု၏ ဝါဒမှိုင်းဖြန့်အကောင့်များအား ဖြုတ်ချရန်နှင့် ၎င်းတို့ ၏ ပလက်ဖောင်းများအား စစ်အုပ်စုက အသုံးပြုနေခြင်းကို ပိတ်ပင်ရန် Justice For Myanmar က ဆက်လက်တောင်းဆိုထားသည်။
အလားတူ အမေရိကန် YouTube ကလည်း စစ်အုပ်စု၏ “ပြန်ကြားရေးဝန်ကြီးဌာန” ချန်နယ်ကို အစောပိုင်းက ဖယ်ရှားခဲ့ပြီးနောက် ယခုအခါ Myanmar International TV (MITV) ရုပ်သံလိုင်းကို ထပ်မံ ဖယ်ရှား လိုက်ကြောင်း၊ Twitch နှင့် Facebook တို့ကလည်း MITV ကို ဖယ်ရှားခဲ့ပြီးဖြစ်ကြောင်း သိရှိရ သည်။
စစ်အုပ်စု၏ ဝါဒဖြန့် MITV ရုပ်သံလိုင်းမှာ စစ်အာဏာသိမ်းကြိုးပမ်းမှုနှင့် အတုအယောင်ရွေးကောက်ပွဲအတွက် နိုင်ငံရေးတရားဝင်မှုကို မဟုတ်မမှန် လုပ်ကြံရယူရန်ကြိုးပမ်းမှုတွင် နိုင်ငံခြားပရိသတ်များကို အယုံ သွင်းနိုင်ရန် အသုံးပြုသည့် ဝါဒဖြန့်လက်နက်တစ်ခုဖြစ် ကြောင်း JFM က အသိပေးထားသည်။
YouTube ၏ ယခုအရေးယူဆောင်ရွက်မှုကြောင့် စစ်အုပ်စု၏ နိုင်ငံခြားပရိသတ်များနှင့် ထိတွေ့နိုင်မှု အား သိသိသာသာ လျော့နည်းသွားစေခဲ့ပြီး YouTube ၏ မိခင်ကုမ္ပဏီဖြစ်သော Alphabet အနေဖြင့် ကျန်ရှိနေသည့် စစ်အုပ်စု၏ ဝါဒမှိုင်းဖြန့်အကောင့်အားလုံးကို ဖယ်ရှားရန်နှင့် ၎င်းတို့၏ ထုတ်ကုန်များ နှင့် ဝန်ဆောင်မှုများကို စစ်အုပ်စု အသုံးပြုခြင်းမှ တားဆီးပိတ်ပင်ရန် Justice For Myanmar က ဆက်လက် တောင်းဆိုထားသည်။





