ပဲခူးတိုင်း၊ မူးမြို့နယ်နှင့် ကရင်ပြည်နယ် မြဝတီမြို့နယ်တို့တွင် စစ်တပ်၏ ခလရ-၇၅ တပ်ရင်းမှ စစ်မှုထမ်းတပ်သားသစ် ၃ ဦး အပါအဝင် စစ်သား ၆ ဦး လက်နက် ၃ လက် ယူဆောင်လာပြီး အလင်းဝင်ရောက်ခဲ့ကြောင်း KNU ဗဟို ထုတ်ပြန်ချက်နှင့် ဒေသတွင်း သတင်းရင်းမြစ်များထံမှသိရသည်။
ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် မူးမြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ ခလရ-၇၅ မှ စစ်မှုထမ်းတပ်သားသစ် ၃ ဦးသည် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA) တပ်ရင်း ၈ ထံသို့ ချိတ်ဆက်ပြီး အလင်းဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုစစ်မှုထမ်း တပ်သားသစ် ၃ ဦးမှာ အသက် ၂၇ နှစ်အရွယ် တပ်သား မောင်စိုင်းထက်ဝေ၊ အသက် ၂၃ နှစ်အရွယ် တပ်သား မောင်လင်းထက်မိုးနှင့် အသက် ၃၀ နှစ်အရွယ် မောင်သက်မောင် တို့ ၃ ဦးတို့ဖြစ်ပြီး အကြမ်းဖက် စစ်တပ်က အတင်းအဓမ္မ စစ်မှုထမ်းစေခိုင်းရန် ပေါ်တာဆွဲ ဖမ်းဆီးခံရသူများဖြစ်ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်က အတင်းအဓ္ဓမစစ်မှုထမ်းစေခိုင်းခံရသူများ အနေဖြင့် နီးစပ်ရာတော်လှန်ရေးတပ်ဖွဲ့များထံသို့ ဆက်သွယ်ကာ လက်နက်ချအလင်းဝင်ဘက်ပြောင်းခိုလှုံကြရန် ကေအဲန်ယူ-ကရင်အမျိုးသား အစည်းအရုံးမှ တိုက်တွန်း ပြောဆိုထားသည်။
အလားတူ ကရင်ပြည်နယ်၊ မြဝတီမြို့နယ် အတွင်းရှိ အကြမ်းဖက် စစ်တပ်၏ တပ်စခန်း တစ်ခုမှ စစ်သား ၃ ဦးသည် လက်နက် ၃ လက် ယူဆောင်လာပြီး KNLA (ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်) ထံ အလင်းဝင်ရောက်ခဲ့ကြောင်း သိရသည်။
ထိုသို့ လက်နက် အလင်းဝင်ရောက်လာသော စစ်သား ၃ ဦးသည် MA အမျိုးအစား သေနတ် ၃ လက်၊ ကျည်ဘောက်များနှင့် ကျည်များ ယူဆောင်လာသောကြောင့် ဂုဏ်ပြုဆုငွေချီးမြှင့်ခဲ့ကြောင်း သိရှိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar









