21 C
Yangon

ဝက်လက်မြို့နယ်၊ ငါးပတ်ချောင်းရွာကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု အသက် ၇ နှစ်အရွယ် ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၇ ဦးသေဆုံးပြီး ၆ ဦး ထိခိုက်ဒဏ်ရာရ

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၂၄

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ငါးပတ်ချောင်းရွာကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု အသက် ၇ နှစ်အရွယ် ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၇ ဦးသေဆုံးပြီး ၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း Wetlet Informational Network တာဝန်ခံ ကိုမုန်တိုင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

ဒီဇင်ဘာလ ၂၃ ရက်နေ့ ညနေ ၄ နာရီ ၂၁ မိနစ်ခန့်တွင် ဝက်လက်မြို့နယ် အရှေ့ခြမ်း ငါးပတ်ချောင်းကို အကြမ်းဖက် စစ်တပ်၏ မိတ္ထီလာလေတပ်မှ တက်လာသော ဂျက်ဖိုက်တာ ၁ စီးက ပေါင် ၂၀၀ ဗုံး ၄ လုံးဖြင့် လေကြောင်းတိုက်ခိုက်မှု ၃ ကြိမ် ပြုလုပ်သွားကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုအတွင်း ကျေးရွာနေပြည်သူ အသက် ၈၀ နှစ်အရွယ် ဒေါ်သန်းမြ ၊ အသက် ၇၅ နှစ်အရွယ် ဒေါ်ကျင် နှင့် အသက် ၂၅ နှစ်အရွယ် ကိုမင်းသန်း၊ အသက် ၁၄ နှစ်အရွယ် လူငယ် ၁ ဦး ၊ အသက် ၇ နှစ်အရွယ် ကလေးငယ် ၁ ဦး၊ အသက် ၃၅ နှစ်အရွယ် ဒေါ်မာသွယ်နှင့် အသက် ၈၀ ကျော် အရွယ် ဒေါ်ခင်တင့် တို့ သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ ၆ ဦးရှိကာ နေအိမ် ၄ လုံးနှင့် ကား ၃ စီး မီးလောင် ပျက်စီးမှုရှိကြောင်း သိရှိရသည်။

“ကျနော်တို့ ဒီနေ့ နံနက်ပိုင်း ထပ်သိရတာကတော့ သေဆုံးသူက ၇ ဦးထိရှိသွားပြီ သေဆုံးသူတွေထဲမှာ ကလေးငယ်တွေလည်း ပါဝင်တယ်။ ထိခိုက် ဒဏ်ရာရတာကလည်း ၆ ဦးရှိတယ်။ ပြည်သူတွေကတော့ တိမ်းရှောင်နေကြတယ်။ ရွာထဲမှာ မနေရဲကျတော့ဘူး” ဟုWetlet Informational Network တာဝန်ခံ ကိုမုန်တိုင်းက ပြောဆိုသည်။

ဒီဇင်ဘာလ ၁၇ ရက်နေ့ကလည်း ဝက်လက်မြို့နယ် အရှေ့ခြမ်း ဆည်တောရွာကို အကြမ်းဖက် စစ်တပ်၏ မိတ္ထီလာ လေတပ်မှ တက်လာသော ဂျက်ဖိုက်တာ ၁ စီးက ပေါင် ၂၅၀ ဗုံး ၂ လုံးကျဲချ တိုက်ခိုက်ခဲ့သောကြောင့် ကျေးရွာနေပြည်သူ အသက် ၇၀ နှစ်အရွယ် ဦးညွှန်ဝေ ၊ ဇနီးဖြစ်သူ အသက် ၇၀ နှစ်အရွယ် ဒေါ်မြင့်ကြည် ၊ အသက် ၂၅ နှစ်အရွယ် ဇေယျာထွန်း နှင့် အမည်မသိ အမျိုးသမီး ၁ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article