ရန်ကုန်၊ ဒီဇင်ဘာ ၂၈
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ မြေနီလျှိုကျေးရွာအနီးရှိ ခရီးသွားပြည်သူများ၏ ယာဉ်တန်းကို အကြမ်းဖက် စစ်တပ်က လေယာဉ်၊ ရဟတ်ယာဉ်တို့ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၉ ဦးသေဆုံးပြီး ၂၀ ဦးကျော် ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ခင်ဦးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နှင့် ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ တာဝန်ရှိသူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဒီဇင်ဘာလ ၂၇ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၄၀ မိနစ်ခန့်တွင် ခင်ဦးမြို့နယ် အရှေ့ဘက်ခြမ်း၊ မြေနီလျှိုကျေးရွာအနီးတွင် လမ်းကြောပိတ်ဆို့နေ၍ ရပ်နားထားသော ခရီးသွား ကုန်စည်ကား၊ ဆီသယ်ကားများ၊ ဆီဘောက်ဆာကား ယာဉ်တန်းနှင့် Star linkဆိုင်၊ ထမင်း/စားဖွယ်စုံ ဆိုင်ခန်းများကို အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာ ၁ စီး၊ Mi 35 ၁ စီးတို့ဖြင့် ဗုံးကျဲ ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုအတွင်း ပြည်သူ ၉ ဦးခန့် သေဆုံးကာ ၂၀ ဦး ထက်မနည်း ထိခိုက် ဒဏ်ရာရရှိကာ ဆီဘောက်ဆာကား ၊ ဆီသယ်ကားနှင့် ကုန်စည်ကားများ အပါအဝင် ကား ၉ စီး မီးလောင်ပျက်စီးခဲ့ကြောင်း၊ ထို့ပြင် ထိခိုက်ဒဏ်ရာရရှိသူများတွင် ဒဏ်ရာပြင်းထန်သူများလည်း ပါဝင်ကြောင်း သိရှိရသည်။
“ဒီနေ့ နံနက်အစောပိုင်းထိ ဆေးရုံရောက်လာတဲ့ ပြည်သူ ၅ ဦး စိုးရိမ်ရတယ်။ ဒဏ်ရာရတာ ၂၀ ကျော်တယ်။ လမ်းကြောပိတ်နေတာကြောင့် ရွှေဘိုမြို့ပေါ်ပြန်ခေါက်တဲ့ ကားဆရာနဲ့ ပြည်သူများတွေကိုလည်ူ ရွှေဘို လေ့ကျင့်ရေး(၈)ကနေ ပေါ်တာဆွဲ ငွေညစ်ပြီး ကားတွေကိုလည်း ရွေးကောက်ပွဲအလွန်မှ ဖြတ်သန်းခွင့်ပေးမယ်လို့ ခရီးသွားပြည်သူတွေက တစ်ဆင့်သိရပါတယ်” ဟု ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ တာဝန်ရှိသူက ပြောဆိုသည်။
အလားတူ ဒီဇင်ဘာလ ၁၈ ရက်နေကလည်း ခင်ဦး ဗျူဟာလမ်းပိုင်းပေါ် ရှိ လူစုလူဝေးရှိရာ နေရာများကိုလည်း အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ ခင်ဦးမြို့နယ်အတွင်းရှိ ဒေသ ပြည်သူများ၊ စစ်ဘေးရှောင်များ၊ တော်လှန်ရေးအင်အားစုများအနေဖြင့် အကြမ်းဖက် စစ်တပ်က စစ်ရေးပစ်မှတ်နှင့် အရပ်သားပစ်မှတ်များကို ခွဲခြားခြင်း လုံးဝ မပြုပါဘဲ လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက် ယုတ်မာစွာ လုပ်ဆောင်နေသည့်အတွက် လုံခြုံရေး အသိ/သတိ မပျက်ထားရှိ၍ ကြိုတင် လုံခြုံရေး အစီအမံများ ပြုလုပ်ကာ သတိကြီးစွာဖြင့် သွားလာ နေထိုင်ကြပါရန် ခင်ဦးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူက ပြောဆိုသည်။







