35 C
Yangon

မြ၀တီမြို့တွင် ယနေ့ ရွေးကောက်ပွဲနေ့ မဲရုံများသို့ မဲလာပေးသူ မရှိဘဲ ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် ကြံ့ဖွတ်ရုံးရှေ့သို့ လာရောက်စပ်စုသူ အထူးများပြား

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၂၈

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်တွင် ယနေ့ ရွေးကောက်ပွဲ မဲရုံသို့ မဲလာပေးသူ မရှိဘဲ ယမန်နေ့ညပိုင်း ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် ကြံ့ဖွတ်ရုံးရှေ့သို့ လာရောက်စပ်စုသူ အထူးများပြားနေကြောင်း မြ၀တီမြို့ခံ ပြည်သူများက ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယမန်နေ့ ည ၈ နာရီ ၄၅ မိနစ်အချိန်တွင်လည်းကောင်း၊ ယမန်နေ့ ည ၉ နာရီ ၂၀ မိနစ်ဝန်းကျင်တွင်လည်း ကောင်း၊ ည ၁၀ နာရီ ၂၀ မိနစ်ဝန်းကျင်တွင်လည်း ကောင်း ပေါက်ကွဲမှုများဖြစ်ပွားခဲ့ကြောင်း၊ ပေါက် ကွဲမှု ဖြစ်ပွားခဲ့သော နေရာများမှာ မြ၀တီမြို့နယ် ကြံ့ဖွတ်ရုံး၊ဘုရင့်နောင်လမ်းမနှင့် အမှတ် ၁ ချစ် ကြည်ရေးတံတားထိပ်တို့တွင် ပေါက်ကွဲမှုများဖြစ်ပွားခဲ့ကြောင်း၊ ယင်းသို့ ပေါက်ကွဲမှုများဖြစ်ပွားသည့်အနက် ကြံ့ဖွတ်ရုံးအနီး ပေါက်ကွဲမှုမှာ အကြီးကျယ်ဆုံးဖြစ်ပြီး အထပ်မြင့်တိုက်တာအဆောက် အဦးများစွာ ပျက်စီးခဲ့ကြောင်း သိရှိရသည်။

“အခုမနက်က မဲရုံမှာ မဲပေးတဲ့သူမရှိဘူး။ မနေ့ညက ပေါက်ကွဲမှုဖြစ်တဲ့ ကြံ့ဖွတ်ရုံးရှေ့ကိုပဲ လူတွေ လာပြီး စပ်စုနေကြတာ။ အခု လမ်းကို ကြံ့ဖွတ်ရုံးရှေ့ကို တစ်ခြမ်းပိတ်ပြီး ရှင်းလင်းရေးလုပ်နေတယ်” ဟု မြ၀တီမြို့မှ ဒေသပြည်သူတစ်ဦးက ရှင်းပြသည်။

စစ်တပ်နှင့်ရဲက မြ၀တီမြို့တွင် မဲရုံများသို့ မဲပေးသူ လာမရှိသည့်အတွက် လိုင်းကြေးကောက်ခံနေသော KTV နှင့် အနှိပ်ခန်းများမှ အလုပ်သမားများနှင့် အလုပ် သမများကို မဲရုံများသို့ လာရောက်၍ မဲပေးကြရန် ပိုင်ရှင်များကို စစ်တပ်က ဖုန်းဆက် ခိုင်းစေနေကြောင်း သိရှိရသည်။

“KTV ၊ မာဆပ်၊ ဖာဘိက မိန်းကလေးတွေ၊ ဝိတ်တာတွေ၊ သန့်ရှင်းရေးနဲ့ လုံ ခြုံရေးကလေးတွေကို မဲလာပေးကြပါဆိုပြီး မြ၀တီနယ်ထိန်းနဲ့ စရဖက လိုက်ခေါ်နေတယ်။ ပြည်သူတွေကတော့ မဲလည်း သွားမပေးကြဘူး။ လူအစည်ဆုံးက ပေါက်ကွဲမှုဖြစ်တဲ့နေရာကို သွားကြည့်ပြီး ဘာနဲ့ပစ်လိုက်တာလဲ ဆွေးနွေးနေကြတာ။ မဲရုံနားက စျေးဆိုင်တွေကို ထွေ/အုပ်က မပိတ်ခိုင်းဘူး။ ဖွင့်ခိုင်းတယ်” ဟု မြ၀တီမြို့ခံ ကပြောဆိုသည်။

ကရင်ပြည်နယ်တွင် ယနေ့ ဒီဇင်ဘာလ ၂၈ ရက်နေ့ ရွေးကောက်ပွဲ အပိုင်း ၁ အဖြစ် ဘားအံ၊ မြ၀တီနှင့် သံတောင်ကြီးမြို့နယ်တို့တွင် ရွေးကောက်ပွဲ ပြုလုပ်နေခြင်းဖြစ်သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article