22 C
Yangon

လယ်ဝေးနှင့် ရေတာရှည်မြို့နယ်တို့တွင် စစ်တပ်က ရွေးကောက်ပွဲ ပြုလုပ်နေစဉ် မြို့ဝင်ဂိတ်နှင့် လေ့ကျင့်ရေး ၅ တို့ကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်၊ ပြည်သူအားလုံး မဲပေးခြင်းမရှိဘဲ တမြို့လုံး တိတ်ဆိတ်နေ

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၂၈

နေပြည်တော် လယ်ဝေးမြို့နယ်နှင့် ပဲခူးတိုင်း ရေတာရှည် မြို့နယ်တို့တွင် အကြမ်းဖက် စစ်တပ်က ရွေးကောက်ပွဲ ပြုလုပ်နေစဉ် မြို့ဝင်ဂိတ်နှင့် လေ့ကျင့်ရေး ၅ တို့ကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိကြောင်း ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်နှင့် ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ဒီဇင်ဘာလ ၂၈ ရက်နေ့ နံနက် အစောပိုင်း ၃ နာရီခန့်တွင် နေပြည်တော် လယ်ဝေးမြို့နယ်နှင့် ပဲခူးတိုင်း ရေတာရှည်မြို့နယ် အစပ်ရှိ အကြမ်းဖက် စစ်တပ်၏ မြို့ဝင်ဂိတ်နှင့် ရေတာရှည်မြို့နယ် ရေနီမြို့ ရှမ်းပိုင်းရပ်ကွက်ရှိ စစ်တပ်၏ အမှတ် ၅ စစ်အခြေခံလေ့ကျင့်ရေး သင်တန်းကျောင်းတို့ကို တော်လှန်ရေးတပ်ဖွဲ့များက လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထိုတိုက်ခိုက်မှုကြောင့် အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိပြီး အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း၊ တိုက်ခိုက်မှု ပြုလုပ်ပြီးနောက် တော်လှန်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

“ဒီဇင်ဘာလ ၂၈ ရက်နေ့ နံနက် ၃ နာရီလောက်မှာ တော်လှန်ရေး တပ်ဖွဲ့တွေက နေပြည်တော်မြို့ အဝင် စစ်ဆေးရေးဂိတ်နဲ့ လေ့ကျင့်ရေး ၅ ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့တာ စစ်ခွေးတွေ ထိခိုက်မှုတော့ရှိတယ်။ အဆောက်အဦးတွေလည်း ပျက်စီးတယ်။ ထိခိုက်မှု အခြေအနေ အသေးစိတ်ကိုတော့ အတည်မပြုနိုင်သေးဘူး။ တိုက်ပွဲဖြစ်စဉ် အပြည့်အစုံကိုတော့ တော်လှန်ရေး တပ်ဖွဲ့တွေ ဆက်လက် ထုတ်ပြန်ပါလိမ့်မယ်” ဟု ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။

လက်ရှိချိန်တွင် အကြမ်းဖက် စစ်တပ်က ရွေးကောက်ပွဲ ကျင်းပနေသော်လည်း လယ်ဝေးမြို့နယ် သာဝတ္ထိ ၊ အေလာနှင့် ရေတာရှည်မြို့နယ် ရေနီမြို့တို့တွင် မဲလာပေးသော ပြည်သူများမရှိဘဲ ဈေးဆိုင်များ ပိတ်ထားကာ တမြို့လုံး တိတ်ဆိတ်နေကြောင်း သိရသည်။

“ပေါက်ကွဲသံတွေ ဆက်တိုက်ထွက်ပေါ်ပြီးတဲ့ နောက်မှာ ပြည်သူတွေ အပြင်မထွက်ရဲတော့ဘူး။ မဲလာသွားပေးတာလဲ လုံးဝမရှိတော့ဘူး။ သာဝတ္ထိ ၊ အေလာ နဲ့ ရေနီဘက်တွေမှာ တစ်မြို့လုံးကို တိတ်ဆိတ်နေတာ ဈေးဆိုင်တွေလည်း အကုန်ပိတ်ထားတယ်။ လမ်းပေါ်မှာပဲ စစ်ခွေးတွေလောက်ပဲရှိတော့တယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article