23 C
Yangon

ဝက်လက်နှင့် ဒီပဲယင်းမြို့နယ်ရှိ ကျေးရွာကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်မှု အမျိုးသမီး ၂ ဦး သေဆုံးကာ ၄ ဦး ထိခိုက်ဒဏ်ရာရ

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၂၉

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ လိန်ပင်ရွာကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် နေအိမ်ပေါ် ဗုံးကျရောက် ပေါက်ကွဲပြီး အမျိုးသမီး ၂ ဦး သေဆုံးကာ ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း Wetlet Informational Network တာဝန်ခံ ကိုမုန်တိုင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

ယနေ့ ဒီဇင်ဘာလ ၂၉ ရက်နေ့ နံနက် ၁၁ နာရီ ၃၀ မိနစ်ခန့်က စတင်ပြီး ဝက်လက်မြို့နယ်၊ လိန်ပင်ရွာကို အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာ ၁ စီးဖြင့် ၄ ကြိမ် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထိုဗုံးကျဲ တိုက်ခိုက်မှု အတွင်း လိန်ပင်ရွာ အနောက်ဘက်ရှိ နေအိမ် ၁ လုံးပေါ် ဗုံးကျရောက် ပေါက်ကွဲခဲ့သောကြောင့် ကျေးရွာနေပြည်သူ အမျိုးသမီး ၂ ဦးသေဆုံးကာ အမျိုးသား ၃ ဦးနှင့် အမျိုးသား ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့ပြင် နေအိမ်များလည်း မီးလောင်ပျက်စီးခဲ့ကြောင်း သိရှိရသည်။

“လိန်ပင်ရွာ အနောက်ဘက်က နေအိမ်ပေါ်ကို ဗုံးက တည့်တည့် ကျရောက် ပေါက်ကွဲတာလို့ သိရတယ်။ ကျနော်တို့ သိရတာတော့ အမျိုးသမီး ၂ ဦး ပွဲချင်းပြီးသေဆုံးတယ်။ နေအိမ်လည်း မီးလောင်ပျက်စီးသွားတယ်လို့ သိရတယ်။ ထိခိုက်ဒဏ်ရာရထားတာ ပြည်သူ ၄ ဦးရှိတယ်။ အမည်တွေတော့ ကျနော်တို့လည်း မသိရသေးဘူး” ဟု Wetlet Informational Network တာဝန်ခံ ကိုမုန်တိုင်းက ပြောဆိုသည်။

အလားတူ ဒီဇင်ဘာလ ၂၃ ရက်နေ့ကလည်း ဝက်လက်မြို့နယ် အရှေ့ခြမ်း ငါးပတ်ချောင်းကို အကြမ်းဖက် စစ်တပ်၏ မိတ္ထီလာလေတပ်မှ တက်လာသော ဂျက်ဖိုက်တာ ၁ စီးက ပေါင် ၂၀၀ ဗုံး ၄ လုံးဖြင့် လေကြောင်းတိုက်ခိုက်မှု ၃ ကြိမ် ပြုလုပ်ခဲ့ရာ ကျေးရွာနေပြည်သူ အသက် ၈၀ နှစ်အရွယ် ဒေါ်သန်းမြ ၊ အသက် ၇၅ နှစ်အရွယ် ဒေါ်ကျင် နှင့် အသက် ၂၅ နှစ်အရွယ် ကိုမင်းသန်း၊ အသက် ၁၄ နှစ်အရွယ် လူငယ် ၁ ဦး ၊ အသက် ၇ နှစ်အရွယ် ကလေးငယ် ၁ ဦး၊ အသက် ၃၅ နှစ်အရွယ် ဒေါ်မာသွယ်နှင့် အသက် ၈၀ ကျော် အရွယ် ဒေါ်ခင်တင့် တို့ သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ ၆ ဦးရှိကာ နေအိမ် ၄ လုံးနှင့် ကား ၃ စီး မီးလောင် ပျက်စီးမှုရှိကြောင်း သိရှိရသည်။

ထို့ပြင် စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ် အနောက်ခြမ်းကို အကြမ်းဖက် စစ်တပ်က Gyrocopter ၃စီးဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် တောတဲများပျက်စီးပြီး နွားသုံးကောင်သေဆုံးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

ဒီဇင်ဘာလ ၂၉ ရက်နေ့ နံနက် ၁၀ နာရီ ၁၀ မိနစ်ခန့်တွင် ဒီပဲယင်းမြို့နယ် အနောက်ခြမ်းကို တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ အကြမ်းဖက်စစ်တပ်၏ မုံရွာ – နမခ မှ တက်လာသော Gyrocopter ၃ စီးက ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

“ဆည်လည်ရွာ၊ မင်းဂံရွာ၊ အင်ကြင်းသားပိုးရွာ အကြားကို ကျဲသွားတာ။ တောင်သူလုပ်ရင်း အမြဲနေတဲ့ တောတိုက်။ လူတွေကတော့ ကလေးမီးဖွားပြန် သွားကြိုနေလို့ ထိခိုက်မှု မရှိဘူး ကံကောင်းတယ် ပြောရမယ်” ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောပြသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article