21 C
Yangon

ပခုက္ကူ နှင့် တောင်သာမြို့တို့တွင် စစ်တပ် အထိုင်ချ တပ်စွဲထားသော စစ်ဆေးရေး ဂိတ်နှင့် တပ်စခန်းကို ဝင်ရောက်တိုက်ခိုက်မှု စစ်သား ၄ ဦးသေဆုံး

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၃၀

မကွေးတိုင်း၊ ပခုက္ကူမြို့၊ စက်မှုဇုန် ၇ လမ်းရှိ အကြမ်းဖက် စစ်တပ် စစ်ဆေးရေးဂိတ်ကို ဝင်ရောက်တိုက်ခိုက်ရာ စစ်သား ၁ ဦးသေဆုံးခဲ့ကြောင်း Pakokku Generation Z အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

ဒီဇင်ဘာလ ၂၇ ရက်နေ့ ညနေ ၆ နာရီ ၃၀ မိနစ်ခန့်တွင် ပခုက္ကူမြို့၊ စက်မှုဇုန် ၇ လမ်းရှိ အကြမ်းဖက် စစ်တပ် စစ်ဆေးရေးဂိတ်ကို တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း၊ ထိတွေ့တိုက်ပွဲဖြစ်ပွားချိန် ၃၀ မိနစ်ခန့်ကြာမြင့်ခဲ့ပြီး အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သား ၁ ဦးသေဆုံးကာ ၃ ဦး ထိခိုက် ဒဏ်ရာရရှိပြီး တော်လှန်ရေး ရဲဘော်များအထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိရသည်

“ပခုက္ကူမြို့ စက်မှုဇုန် ၇ လမ်းဂိတ်က စစ်ခွေး အင်အား ဘယ်လောက်နဲ့ တပ်စွဲထားလဲဆိုတာတော့ ကျနော်တို့လည်း အတိအကျမသိဘူး။ ပြီးတော့ မဲကာလဆိုတော့ စစ်ခွေး သေစာရင်း ထပ်တိုးသေဆုံးတာတော့ အတိအကျတော့ မသိသေးပါဘူး။ စစ်ခွေးတွေဘက်က လက်နက်ခဲယမ်းတွေတော့ သိမ်းဆည်းရမိတာ မရှိပါဘူး” ဟု Pakokku Generation Z အဖွဲ့မှ မှ တာဝန်ရှိသူက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို ပခုက္ကူခရိုင်၊ အမှတ် ၁၆ တပ်ရင်း၊ ANYAR AYEYAWADDY REVOLUTION FORCE (AARF) နှင့် GOLDEN EGAL (PDF) တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရသည်။

အလားတူ မန္တလေးတိုင်း၊ တောင်သာမြို့ပေါ်ရှိ အကြမ်းဖက် စစ်တပ် အထိုင်ချ တပ်စွဲထားသည့် နေရာ ၃ ခုကိုလည်း လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦး သေဆုံးခဲ့ကြောင်း DSNDA မှ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကိုကျားပျံက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် တောင်သာမြို့ပေါ်ရှိ စစ်တပ် အထိုင်ချ တပ်စွဲထားသော တောင်သာမြို့မ ရဲစခန်း ဘိုးဘွားရိပ်သာနှင့် မြို့နယ်တရားရုံးတို့ကို တော်လှန်ရေး တပ်ဖွဲ့များက လက်နက်ကြီး ၄ လုံးဖြင့် သတိပေး ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါ တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ၃ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

“ရဲတွေထွက်ပြေးနေကြတယ်ဆိုတာပဲသိရသေးတယ်။ စစ်ခွေး သေစာရင်းကတော့ ၃ ဦး ထက်မနည်း သေဆုံးတယ်။ အင်အားတော့အရမ်းမများဘူး။ တစ်ရာတောင်မရှိဘူးလို့သိရတယ်။ လက်နက်ကြီး ၄ လုံးနဲ့ တိုက်ခိုက်ခဲ့တာပါ။ အတုအယောင်ရွေးကောက်ပွဲကို ရတဲ့နေရာကနေ တားမြစ်သွားဖို့တော့ရှိတယ်။ ရသလောက်တော့ သတိပေးသွားမှာပါ” ဟု DSNDA မှ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကိုကျားပျံကပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို Taung Tha People Defense Force (TTA-PDF)၊ DSNDA နှင့် ၀ဲလောင်တိုင်နယ်ပကဖ တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း၊ တောင်သာမြို့အတွင်းရှိ မိဘပြည်သူများအနေဖြင့်လည်း အကြမ်းဖက် စစ်တပ် အနီးတွင် မနေကြရန် DSNDA အဖွဲ့ က အသိပေးနှိုးဆော်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article