27 C
Yangon

စလင်းနှင့် ကျိုက်ထိုမြို့နယ် တို့တွင် ရိက္ခာရှာရန် ထွက်လာသော စစ်သားများနှင့် ထွေ/အုပ်ရုံးတို့ကို တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံး

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၃၀

မကွေးတိုင်း၊ စလင်းမြို့နယ်တွင် ရိက္ခာရှာရန် ထွက်လာသော စစ်သားများကို လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ် တိုက်ခိုက်ရာ စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း Rocket Fighter အဖွဲ့မှ ကိုလပြည့်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

ဒီဇင်ဘာလ ၂၈ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် စလင်းမြို့နယ်၊ စိဆွယ်ရွာ၌ တပ်စွဲထားသော အကြမ်းဖက် စစ်သားများသည် စားနပ်ရိက္ခာပြတ်လပ်နေသောကြောင့် ကံစွယ်ရွာကို ဝင်ရောက်စီးနင်းပြီး အိမ်မွေးတိရစ္ဆာန်များကို ရက်စက်စွာသတ်ဖြတ်ပြီး ဆန်အိတ်အလုံး ၃၀ ခန့် ၊ ကြက်အကောင်ရေ ၂၀၀ ကျော် ခိုးယူနေစဥ် တော်လှန်ရေး တပ်ဖွဲ့များက ၆၀ မမ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကာ တိုက်ပွဲ စတင်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ထိုသို့ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီးနောက် အကြမ်းဖက် စစ်သားများ ကန်ဘောင်အတိုင်း ထွက်ပြေးသွားကြောင်း၊ တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ၂ ဦးသေဆုံးကာ ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

“တိုက်ပွဲမှာ စစ်ခွေး ၃ ကောင် ဒဏ်ရာရပြီး ၂ ကောင်သေဆုံးတယ်။ စလင်းမြို့နယ်၊ စိဆွယ်ရွာမှာ အထိုင်ချ တပ်စွဲထားတဲ့ စစ်ခွေးတွေနဲ့ ကံစွယ်ရွာအတွင်းကို စားနပ်ရိက္ခာရှာဖို့ လာတဲ့ စစ်ခွေးတွေကို လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့တာပါ။ စစ်ခွေးအင်အားက ၃၀၀ ပါ။ စစ်ကြောင်းကိုလိုက်ပစ်တာမလို့ ခဲယမ်းတော့မရဘူး။ ကံစွယ်ရွာအထွက်မှာဖြစ်တာပါ။ သူတို့ဝင်ကတည်းက လက်နက်ငယ်တွေ‌တအား ဖောက်ပြီး‌ဝင်လာပါတယ်။ နယ်မြေတိုးနေတာဖြစ်တဲ့အတွက် ကျည်အင်အားလိုအပ်ပါတယ်”ဟု Rocket Fighter အဖွဲ့မှ ကိုလပြည့်က ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို နဂါးရိုင်းစစ်ကြောင်းဦးဆောင်မှုဖြင့် ညောင်ဦးခရိုင် အမှတ်(၃)တပ်ရင်းနှင့် RocketFighter ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရသည်။

အလားတူ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ သိမ်ဇရပ်မြို့ အထွေထွေအုပ်ချုပ်ရေးမှူးရုံးတွင် တပ်စွဲထားသော စစ်သားများကို ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း သနပ်ပင်မြို့နယ် ပြည်သူကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

ဒီဇင်ဘာလ ၂၈ ရက်နေ့ မွန်းလွဲ ၁၂ နာရီခန့်တွင် သိမ်ဇရပ်မြို့တွင် အကြမ်းဖက် စစ်တပ်၏ တရားမဝင်ရွေးရောက်ပွဲ ကျင်းပပြုလုပ်နေစဉ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးကို တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းများဖြင့် တိုက်ခိုက်ခဲ့ကြောင်း၊ ထိုတိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးဘဲ တော်လှန်ရေးရဲဘော်များ အထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုကို KNU တပ်မဟာ ၁ တပ်ရင်း ၃ မှဦးဆောင်မှုဖြင့် သနပ်ပင်ဒရုန်းတပ်ဖွဲ့၊ Falcon-05 ဒရုန်းတပ်ဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article