တနင်္သာရီတိုင်း၊ ဘုတ်ပြင်းမြို့နယ်တွင် အကြမ်းဖက် စစ်တပ် အထိုင်ချ တပ်စွဲထားသော ခန်းများကို ဒရုန်းဖြင့် တိုက်ခိုက်ရာ စစ်သား ၈ ဦးသေဆုံးခဲ့ကြောင်း ကော့သောင်းခရိုင် အမှတ် ၁ တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ပြောဆိုသည်။
ဒီဇင်ဘာလ ၂၆ ရက်နေ့ နံနက် ၈ နာရီခန့်တွင် ဘုတ်ပြင်းမြို့နယ်၊ ပြည်ကြီးမဏ္ဍိုင်မြို့၊ လေညာ တံတားကြီးအနီးရှိ အတုအယောင်ရွေးကောက်ပွဲအတွက် အရပ်ခေါ် ငှက်သိုက်အိမ်တွင် မဲရုံဖွင့်လှစ်ရန် ပြင်ဆင်နေစဉ် ကော့သောင်းခရိုင်အမှတ် (၁) တပ်ရင်း ၊ SOF တပ်ခွဲ၊ ဘုတ်ပြင်းပကဖ နှင့် Dragon Squad-TNI ပူးပေါင်းအဖွဲ့က ဒရုန်းဖြင့် သွားရောက်တိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ အရာရှိ ၁ ဦး အပါအဝင် စစ်သား ၅ ဦး ထိခိုက်သေဆုံးခဲ့ကြောင်း သိရှိရသည်။
ဒီဇင်ဘာလ ၂၈ ရက်နေ့ နံနက် ၇ နာရီခန့်တွင် အကြမ်းဖက် စစ်တပ်၏ အတုယောင်ရွေးကောက်ပွဲအတွက် အင်အားဖြည့်ထားသော စစ်သားများသည် ပြည်ကြီးမဏ္ဍိုင်မြို့ ရဲစခန်းကုန်း၌ အနားယူနေချိန် ကော့သောင်းခရိုင်အမှတ် ၁တပ်ရင်း ၊ SOF တပ်ခွဲ ရဲဘော်များက ၄၀ မမ လက်နက်ကြီးများဖြင့် သွားရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ထိုတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိဘဲ တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
ဒီဇင်ဘာလ ၂၉ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်တွင် ဘုတ်ပြင်းမြို့နယ်၊ ပြည်ကြီးမဏ္ဍိုင်မြို့ရှိ ဆင်နှစ်ကောင်ဘုန်းကြီးကျောင်း၌ အကြမ်းဖက် စစ်တပ်က ရွေးကောက်ပွဲ လုံခြုံရေးအတွက် တပ်စွဲထားသောနေရာကို ကော့သောင်းခရိုင် အမှတ် ၁ တပ်ရင်း၊ SOF တပ်ခွဲနှင့် Dragon Squad-TNI ပူးပေါင်းအဖွဲ့က ဒရုန်းများဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ ထိုတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သား ၃ ဦးသေဆုံးကာ ၂ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး တော်လှန်ရေး ပူးပေါင်းအဖွဲ့မှ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိရသည်။
“စစ်ခွေး သေစာရင်းက ထပ်တိုး သေဆုံးတာမျိုး မသိရဘူး။ မြေပြင် အဖွဲ့တွေမေးမှ သေချာသိမယ်။ ကျနော်လည်း စစ်ခွေး အင်အားကို အတိကျတော့ မသိရဘူး။ ပြည်သူတွေ လက်မခံတဲ့ မကြိုက်တဲ့ တစ်ဖက်သက် အတုယောင် ရွေးကောက်ပွဲကို နှောင့်ယှက် တားဆီးရုံလောက်ပါ” ဟု ကော့သောင်းခရိုင် အမှတ် ၁ တပ်ရင်းမှ တာဝန်ရှိသူက ပြောဆိုသည်။
အကြမ်းဖက်စစ်တပ်နှင့် တော်လှန်ရေးအဖွဲ့များ မကြာခဏ ထိတွေပစ်ခတ်မှုများကြောင့်လည်း ပြည်ကြီးမဏ္ဍိုင်မြို့တွင် နေထိုင်သော ပြည်သူများမှာ ပြည်ကြီးမဏ္ဍိုင်အနီးရှိ ပျဉ်းမချောင်းကျေးရွာဘက်တွင် ပြောင်းရွေ့ စစ်ဘေးရှောင်နေရကြောင်း သိရှိရသည်။




