မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ညောင်ကုန်းရွာအနီး အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၂ ဦး သေဆုံးပြီး နေအိမ် ၃ လုံးမီးလောင်ပြာကျခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ ဒီဇင်ဘာလ ၃၁ ရက်နေ့ ညနေ ၄ နာရီခန့်တွင် မြိုင်မြို့နယ် အနောက်ပိုင်းရှိ ညောင်ကုန်းရွာကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဂျက်ဖိုက်တာဖြင့် ပေါင် ၅၀၀ ဗုံး ၂ လုံးကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှုအတွင်း ကျေးရွာနေပြည်သူ ၂ ဦး သေဆုံးကာ ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ထိခိုက်ဒဏ်ရာရရှိသူများထဲတွင် ပြည်သူ ၂ ဦးသည် ဒဏ်ရာအခြေအနေ စိုးရိမ်ရကြောင်း သိရှိရသည်။
“မြိုင်မြို့နယ် အနောက်ပိုင်းက ညောင်ကုန်းရွာ အနီးကို စစ်ခွေးတွေက ဂျက်ဖိုက်တာနဲ့ ပေါင် ၅၀၀ ဗုံး ၂ လုံးကျဲချ တိုက်ခိုက်သွားတာ ကျနော်တို့ ကနဦးသိရတာ ပြည်သူ ၂ ဦးသေဆုံးတယ်။ ၅ ဦး ထိခိုက်ဒဏ်ရာရတယ်လို့ သိရတယ်။ နေအိမ် ၃ လုံးလည်း ပြာကျသွားတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
အလားတူ ဒီဇင်ဘာလ ၂၁ ရက်နေ့ကလည်း မုံရွာမြို့ နမခ မှ တက်လာသော Gyrocopter ၂ စီးက မြိုင်မြို့နယ်၊ ဘုန်းကန်ရွာကို ၁၂၀ မမ ဗုံး ၂ လုံး ကျဲချ တိုက်ခိုက်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှု အတွင်း အသက် ၃၀ နှစ်အရွယ် အမျိုးသမီး ၁ ဦး သေဆုံးကာ ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၃ လုံးလည်း ပျက်စီးခဲ့ကြောင်း သိရသည်။






