ရန်ကုန်၊ ဇူလိုင် ၇
အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်၊မိုးရေးမြို့မှ အိန္ဒိယနိုင်ငံသား တမီးလ်အမျိုး သား ၂ ဦးကို အကြမ်း ဖက်စစ်တပ်၏ လက်အောက်ခံ ပျူစောထီးများက တမူးမြို့တွင် ပစ်ခတ်သတ်ဖြတ်မှုကို ရှုတ်ချကြောင်း တမူး PDF က သတင်းထုတ်ပြန် သည်။
ဇူလိုင်လ ၅ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန် အိန္ဒိယနိုင်ငံသား Mr.Mohan အသက် ၂၈ နှစ်၊ Mr.M Iyarnar အသက် ၃၅ နှစ်တို့နှစ်ဦးကို တမူးမြို့ စော်ဘွားရပ်ကွက်၊ အမက ၄ စာသင်ကျောင်းအနီးတွင် ပျူစောထီးအဖွဲ့က အနီးကပ်ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း သိရှိရသည်။
PDF တမူးအနေဖြင့် စစ်ကောင်စီလက်အောက်ခံ ပျူစောထီးများ ကျူးလွန်သော အဆိုပါ သတ်ဖြတ်မှုကို ရှုတ်ချကန့်ကွက်ပြီး စစ်ကောင်စီ၊ ရဲတပ်ဖွဲ့၊ ပျူစောထီး၊ စစ်ကောင်စီလက်အောက်ခံပျူစောထီး လက်ပါးစေများကို တိုက်ခိုက်ချေမှုန်းသွားမည်ဖြစ်ကြောင်း အင်္ဂလိပ်၊ မြန်မာ နှစ်ဘာသာဖြင့် သတင်းထုတ်ပြန်ထားသည်။