အမေရိကန်ပြည်ထောင်စု၊ မိုင်ပေါင်း ၂၃၀၀ ငြိမ်းချမ်းရေးခရီးလမ်းလျှောက်ပွဲတွင် မြန်မာနိုင်ငံမှ ရွှေဘုန်းပွင့်ဆရာ တော်ပါဝင် ကြွချီလျက်ရှိကြောင်း ရွှေဘုန်းပွင့်ဆရာတော်က သူ၏ လူမှုကွန်ရက်မှတစ်ဆင့် မျှဝေထားသည်။
အမေရိကန်ပြည်ထောင်စုရောက် ဗုဒ္ဓဘာသာ ရဟန်းတော်များက ငြိမ်းချမ်းရေးအတွက် ရည်ရွယ်၍ အောက်တို ဘာလ ၂၆ ရက်နေ့က တက္ကဆက်ပြည် နယ်၊ Fort Worthမှ စတင်လမ်းလျှောက်ခဲ့ခြင်းဖြစ်ပြီး သမ္မတအိမ်ဖြူတော်ရှိရာ ဝါရှင်တန်ဒီစီမြို့သို့ ဦးတည် လမ်းလျှောက်နေကြခြင်းဖြစ်ကာ ၄ လကြာ မိုင်ပေါင်း ၂၃၀၀ ခရီးရှည်ကို ကြွချီနေကြခြင်းဖြစ်သည်။
မြန်မာနိုင်ငံမှ ရွှေဘုန်းပွင့်ဆရာတော်မှာလည်း ဇန်နဝါရီလ ၁ ရက်နေ့မှစတင်ပြီး အဆိုပါ ငြိမ်းချမ်းရေးခရီးစဉ်တွင် ပါဝင်လမ်းလျှောက်လျက်ရှိပြီး Walk for Peaceအဖွဲ့ သံဃာတော်များမှာ လက်ရှိ ၇၀ ရက်နေ့မြောက်အဖြစ်အမေရိကန် ဂျော်ဂျီယာပြည်နယ် Good Hope မြို့တွင်ရောက်ရှိနေပြီဖြစ်သည်။
ငြိမ်းချမ်းရေးခရီးစဉ်သည် ဖေဖော်ဝါရီ လကုန်ပိုင်းတွင် ဝါရှင်တန်ဒီစီမြို့တွင် ပြီးဆုံးမည်ဖြစ်ပြီး သံဃာတော်များကို အမေရိကန်ပြည်ထောင်စုတစ်ဝန်းမှ အာဏာပိုင်များက ခရီးစဉ်တစ်လျှောက် လိုက်ပါ စောင့်ရှောက်ပေးလျက်ရှိသည်။
“Walk for peace အဖွဲ့ရဲ့ရည်ရွယ်ချက်က ဘာသာရေးအတွက် promote လုပ်တာမဟုတ်ဘူး။ သို့သော် ကျွဲကူးရေပါဆိုသလိုတော့ရှိပါလိမိ့မယ်။ ဘာသာရေး လူမျိုးရေး နိုင်ငံရေးလုံးဝမနွယ်ပါ ဒါကြောင့် သည်အဖွဲ့မှာ သာသနာ့အလံဘယ်နေရာမှာမှ မတွေ့ရပါဘူး။ ရောက်လေရာမှာ ဟောပြောတော့လည်း ဘာသာရေးအတွက်ပြောနေတာမဟုတ်ဘူး မင်းတို့တွေကိုလည်း ဘာသာမပြောင်းခိုင်းဘူး သိထားရမှာက ချစ်ခြင်းမေတ္တာ ကရုဏာ နှင့် စိတ်ကိုတည်ညိမ်အောင်လုပ်ပြီး စိတ်ဒုက္ခကိုလျှော့ပါးအောင်လုပ်ခြင်းတွေက ဘာသာတစ်ခုထဲကပိုင်တာမဟုတ် လူသားအားလုံးရဲ့ပိုင်ဆိုင်မှုဖြစ်တယ်။ ဒါကြောင့် မင်းတို့ကိုစိတ်တည်ငြိမ်အောင်လုပ်နည်းသင်ပေးခဲ့မယ် အတွေးဆိုးတွေကိုမတွေးနဲ့ မနက်အိပ်ယာထတိုင်းဒီနေ့က ငါရဲ့ငြိမ်းချမ်းရေးနေ့ဖြစ်ရမယ်ဆိုတာနဲ့စတွေးပါ ဒါတွေကိုပဲ အဖွဲ့ခေါင်းဆောင်ဆရာတော်ကဟောပြောတာပါ။ စကားပြန်ဆက်ရရင် walk for peace အဖွဲ့ရဲ့ရည်ရွယ်ချက်က အထက်ပြောသလိုပါကဲ သည်လို့ကြိုတွေးပြီး သည်ခရီးကိုဆက်ခဲ့လို့ လက်ရှိအောင်မြင်နေတယ်လို့ပြောရင်မမှားဘူး သို့သော် လူအများထောက်ခံလေ အန္တရာယ်များလေဆိုတာကိုတော့ အမြဲတွေးထားပါတယ်” ဟု ရွှေဘုန်းပွင့်ဆရာတော်က သူ၏ လူမှုကွန်ရက်မှတစ်ဆင့် မိန့်ကြားသည်။
Walk for peace ငြိမ်းချမ်းရေး ချီတက်ပွဲကို ဗီယက်နမ်၊ လာအိုနိုင်ငံ တို့မှ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးများက ဦးဆောင်နေခြင်းဖြစ်သည်။






